ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ပယရွာနှင့် ဇာဒီကျေးရွာအုပ်စု အကြားရှိ ရော်ဘာခြံတစ်ခြံတွင် ဒီဇင်ဘာလ ၁၄ ရက်က မိုင်းပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ကြောင်း ရွာသားများထံကသိရသည် ။
အဆိုပါပေါက်ကွဲမှုကြောင့် ဥယျာဥ်ခြံအတွင်းသွားလာနေသည့် အသက် ၇၀ ဝန်းကျင် အမျိုးသားတစ်ဦး ၏ ပေါင်တွင် ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည် ။
“မိုင်းကွဲတာနဲ့ လူနဲ့လှမ်းတော့ အစစင်သလိုပဲ ထိသွားတယ်။ ပေါင်မှာ အသားကိုပဲထိတာ အရိုးနဲ့အကြောတွေကိုမထိဘူး ။ ရွာမှာပဲ ဆေးကုနေတယ်” ဟု ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောပြသည် ။
ပေါက်ကွဲသည့် မိုင်းပုံစံမှာ ကားလမ်းမ နံဘေးနှင့် ရော်ဘာခြံအစပ်တွင် ကြိုးဖြင့် ထောင်ထားသည့် မိုင်းပုံစံဖြစ်ပြီး မိုင်းပေါက်ကွဲသည့် နေရာအနီးတွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံးသွားလာ လှုပ်ရှားနေကြသဖြင့် မည်သည့်ဘက်ကထောင်သည့် မိုင်းဖြစ်ဆိုသည်ကိုမူ မပြောနိုင်ကြောင်း ဒေသခံများကပြောသည် ။
ယင်းသို့ မိုင်းကွဲပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်တွင်ပင် ဇာဒီရွာဘက်သို့ စစ်ကောင်စီဘက်က လက်နက်ကြီး နှစ်ချက်ပစ်ခဲ့သေးသည်ဟု ဇာဒီရွာသားများထံမှသိရသည် ။
အာဏာသိမ်းပြီးနောက် ကံပေါက်တိုက်နယ်တွင် မိုင်းကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုဖြစ်စဥ်မှာ ယခုပထမဆုံးအကြိမ်ဖြစ်သည် ။
စစ်ကောင်စီတပ်သားများ မကြာခဏကင်းလာလှည့်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကိုစိုးရိမ်၍ စစ်ကောင်စီတပ်စွဲထားသည့် ပယရွာ ၊ ရှားကုန်း နှင့် ဇာဒီအုပ်စု အကြားရှိ ရော်ဘာခြံ ဧက ၅၀ ကျော်သည် ယခုနှစ်ပွင့်လင်းရာသီတွင် မလုပ်ဘဲ ပစ်ထားရကြောင်း ရော်ဘာတောင်သူများထံမှသိရသည် ။