BREAKING
January 22, 2025

ကံပေါက်တွင် မောရဝတီရေတပ်က လက်နက်ကြီးဆက်တိုက်ပစ်ခတ်ပြီး လမ်းကိုလည်းပိတ်

December 17, 2024

ပုံစာ - ရေကန်တောင်။ ဓာတ်ပုံ - ကံပေါက်သတင်းစုံ

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဇာဒီရွာဘက်နှင့် ကလိန်အောင်မြို့ဘက်သို့ ယနေ့ ဒီဇင်ဘာ ၁၇ ရက် နံနက်အစောပိုင်းတွင် မောရဝတီရေတပ်စခန်းဌာနချုပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး ပစ်ခတ်သံကြားရပြီးနောက် ယနေ့နံနက်တွင် ကံပေါက်တိုက်နယ်နှင့် ပြည်ထောင်စုကားလမ်းမကို ချိတ်ဆက် ထားသည့် ကလိန်အောင်-ကံပေါက်လမ်းနှင့် နဘုလယ်တိုက်နယ်ဘက်သွားသည့် ဇာဒီလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားလိုက်ကြောင်း ကားသမားများထံကသိရသည်။

ဒီဇင်ဘာလ ၁၆ ရက်ညက ကံပေါက်နှင့် ဖားချောင်းရွာအကြား ရေကန်တောင်ပေါ်ရှိ တာဝါတိုင်စောင့်သည့် စစ်ကောင်စီတပ်သားများ အလစ်ငိုက်တိုက်ခိုက်ခံရကြောင်း ဒေသခံများကဆိုသည်။

“ရေကန်တောင်ထက်ကနေ စစ်သားတွေ ပြေးဆင်းလာပြီး ညကတိုက်ခံရတယ်ဆိုပြီး ကံပေါက်ရဲစခန်းမှာ လာသတင်းပို့ကြ တယ်။ မနက်စောစောကတည်းက စစ်ကားငါးစီး ဒယ်ကိုမိုင်းဘက်ကို ဝင်သွားပြီး ရဲစခန်းလမ်းလည်း ပိတ်ထားလိုက်တယ်” ဟု ကံပေါက်နယ်မြေရဲစခန်းနှင့် ဒယ်ကို သတ္တုမိုင်းတည်ရှိသည့် ကံပေါက်ရွာ မြသီတာရပ်ကွက် နေသူတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်သံများသည် ယနေ့နံနက် ၉နာရီဝန်းကျင်အထိ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ရေကန်တောင်သည် တောင်ပေါ်တွင် တစ်ဖက်ပိတ်ဆည်ကန်ပြုလုပ်ထားပြီး ယင်းဆည်မှ ရေများကို ဒယ်ကိုမိုင်း သတ္တုလုပ်ငန်းနှင့် ရပ်ရွာရေပေးဝေရေးအတွက် သုံးစွဲသည်။ ယင်းတောင်ပေါ်ရှိ တာဝါတိုင်စခန်းတွင် စစ်ကောင်စီတပ်သားအချို့ ကင်းစောင့်တပ်စွဲကြောင်း ကံပေါက်ဒေသခံများကပြောသည်။