ထားဝယ်မြို့အခြေစိုက် အမှတ် ၂၅ စစ်ကောင်စီခြေလျင်တပ်ရင်းက တပ်သားတစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) က ဒီဇင်ဘာလ ၁၆ရက်တွင် သတင်းထုတ်ပြန် သည်။
စစ်ကောင်စီတပ်သား ကိုဖိုးထွေးသည် MA 1 သေနတ်တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်ဆန်အတောင့် ၁၂၀၊ ဓားမြောင်တစ်ချောင်း၊ စစ်ဝတ်စုံ တစ်စုံဖြင့် ဘက်ပြောင်းလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဓာတ်ပုံနှင့်တကွဖော်ပြသည်။
လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့်အတွက် ချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသို့ ထွက်ခွာရန်ဆန္ဒရှိသဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း DNLA တပ်ဖွဲ့ ၏ ပြန်ကြားရေးဌာနထံမှ သိရသည်။
ဒီဇင်ဘာလ ၈ ရက်ညတွင် ကိုဖိုးထွေးသည် စစ်ကောင်စီဘက်မှ ထွက်ပြေးလာခဲ့ပြီး DNLA နှင့် ဆက်သွယ်ကာ ဒီဇင်ဘာလ ၁၂ ရက်တွင် DNLA တပ်ဖွဲ့ထံ ရောက်ရှိခဲ့ကြောင်း DNLA တပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည် ။
“အလင်းဝင်လာသူကို ကျွန်တော်တို့ ဘယ်လိုတွေ ကောင်းကောင်းမွန်မွန် လုပ်ပေးတယ်။ ဘယ်လိုဆက်ဆံလဲဆိုတာ အခုဆို မျက်မြင်ဖြစ်နေတာပဲဆိုတော့ နောက်ထပ် စစ်ကောင်စီဘက်က ထွက်ပြေးချင်တဲ့ ဆန္ဒရှိတဲ့လူတွေ ဆက်သွယ်လာပါလို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်ထံ စစ်ကောင်စီဘက်က ဘက်ပြောင်းခိုလှုံလာသည့် ဖြစ်စဥ် သည် ယခုပထမဆုံးအကြိမ်ဖြစ်ကြောင်း DNLA ထံမှ သိရသည်။
ပြီးခဲ့သည့်လက ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်စခန်းများမှ တပ်သားခြောက်ဦးထက်မနည်း ပြည်သူ့ကာကွယ်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံခဲ့ပြီး ခိုလှုံလာသူအများစုသည် စစ်မှုထမ်း သင်တန်းဆင်းများ ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့သည် နိုဝင်ဘာလအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်သားနှင့် ရဲ ၃၃ ဦး ပြည်သူ့ကာကွယ်ရေးတပ်များထံ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ဒီဇင်ဘာလ ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။