BREAKING
December 22, 2024

အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူတစ်ဦး၏ လွတ်မြောက်ရေးတိုက်ပွဲ

December 17, 2024

လက်နက်ကိုင် အစောင့်အကြပ်များအကြား သေနတ်ကျည်အပြည့် ထိုးထားသည့် လူငယ်တစ်ဦး။

စခန်းပတ်ပတ်လည်က လူသတ်မိုင်းများ၊ နေ့နေ့ညညစောင့်ကြပ်နေကြသည့် အစောင့်များကို ကျော်ဖြတ်ပြီး ထွက်ပြေးရမည်မှာ လူတိုင်းမတတ်နိုင်သည့် စွန့်စားမှုတစ်ခုပင်။

သို့သော် ကိုကျော်သက်ဦးအတွက် အသက်စွန့်ထွက်ပြေးသည်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ သေသေရှင်ရှင် ဒီညမှာတော့ စွန့်စားထွက်ပြေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

“ကျွန်တော်ထွက်ပြေးတယ်ဆိုတာ သိတာနဲ့ ဟိုးဖက်တောင်ကုန်းက လှမ်းပစ်တော့မှာ.. ကျွန်တော်ကလည်း သူပစ်ကိုယ်ပစ် ဆိုပြီး သေနတ်တွေကျည်အပြည့်ထိုးပြီးသား” ဟု သူထွက်ပြေးလာသည့်နေ့က အဖြစ်အပျက်ကို ကျော်သက်ဦးက Dawei Watch ကို ပြန်ပြောင်းပြောပြသည်။

စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခံရသည့် ကိုကျော်သက်ဦးမှာ နိုဝင်ဘာလ ၂ ရက် ညသန်းခေါင်တွင် လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ စစ်ကောင်စီစခန်းမှ ထွက်ပြေးလာပြီး ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ဘက်ပြောင်း ခိုလှုံခဲ့သူဖြစ်သည်။

ကိုယ်လုံးကိုယ်ပေါက်တုတ်ခိုင်သန်မာသည့် အသက် ၃၁အရွယ် ကိုကျော်သက်ဦးသည် ဇာတိဖြစ်သည့် ပဲခူးတိုင်းမှ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် လာရောက်အခြေချ အလုပ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ်တစ်စုကျော်နေပြီ ဖြစ်သည်။

အဓမ္မစစ်မှုထမ်းစုဆောင်းခံရ

၂၀၂၄ ခုနှစ် သင်္ကြန်ကျလုကျခင်အချိန်က ကော့သောင်းမြို့တွင် စစ်မှုထမ်းဂယက် လှိုင်းထန်နေခဲ့သည်။

မြို့ခံလူငယ်အများအပြား အမိမြေကိုစွန့်ခွာထွက်ပြေးနေကြသလို ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရာဇသံကြောင့်လည်း ရပ်ကွက် အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာတစ်စောင်ချန်ထားပြီး အိမ်နီးချင်းထိုင်းနိုင်ငံထံ ခိုလှုံနေကြသည့် အချိန်အခါဖြစ် သည်။

ပဲခူးတိုင်းသား ကော့သောင်းသူနှင့်ညားပြီးရခဲ့သည့် ကလေးတစ်ယောက်ဖခင် ကိုကျော်သက်ဦးမှာ အမှုမဲ့အမှတ်မဲ့ပင်။

ထိုစစ်မှုထမ်းဂယက်ကြီးကို ကိုကျော်သက်ဦးခေါင်းပေါ်တင်ပေးလိုက်သူမှာ ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သည်။

ဧပြီလ ၆ ရက်နေ့တွင် ဝိုင်းဖွဲ့သောက်စားနေကြသည့် ယမကာဆိုင်ထဲသို့ ရွှေပြည်သာရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ရောက်လာပြီး ကိုကျော်သက်ဦးနှင့် အခြားသူတစ်ယောက်ကို ဖမ်းဆီးလိုက်ကြသည်။ ထို့နောက် ခလရ ၂၆၂ တပ်ရင်းထဲသို့ ဘုမသိ၊ ဘမသိ အပို့ခံလိုက်ရတော့သည်။

“အုပ်ချုပ်ရေးမှူးက မင်းစစ်မှုထမ်းရမယ်လို့ ပြောပြီး ၂၆၂ တပ်ကို တန်းခေါ်သွားတာ။ ကျွန်တော်တို့လည်း ဘာမှပြန်ပြောလို့ မရတော့ဘူးလေ” ဟု ကိုကျော်သက်ဦးက ဆိုသည်။

အိမ်ပြန်ခွင့်မရ၊ မိသားစုဆီ ဖုန်းဆက်အသိပေးခွင့် မပြုကြပေ။ အရက်ဆိုင်မှ တပ်ရင်းထဲ တိုက်ရိုက်ပို့ဆောင်လိုက်ကြခြင်း ဖြစ်သည်။

ထိုအချိန်မှစပြီး ကိုကျော်သက်ဦးမှာ စစ်မှုထမ်းဥပဒေအကြောင်းပြ အဓမ္မစစ်သားစုဆောင်းခံလိုက်ရသည့် စတေးခံတစ်ဦး ဖြစ်လာခဲ့လေသည်။

အသက် ၆ နှစ်အရွယ်ကလေးနှင့် ဇနီးဖြစ်သူကို ပန်းရံအလုပ်လုပ် ရှာဖွေကျွေးမွေးကာ ရိုးရိုးရှင်းရှင်းဖြတ်သန်းနေသည့် အိမ်ထောင်ရှင်လူငယ်တစ်ဦးကို စစ်ကောင်စီဘက်တော်သားများက စာနာစိတ်ကင်းမဲ့စွာ စစ်ပွဲအတွင်း ဆွဲသွင်းလိုက်ခြင်း လည်း ဖြစ်သည်။

သို့သော် ကိုကျော်သက်ဦးမှာ စိတ်ဓာတ်ကျသွားခြင်းမရှိပေ။ ဖုန်းအသိမ်းခံထားရသည့်ကြားမှ မိသားစုဆီ မရမက ဆက်သွယ်ပြီး အခွင့်သာသည်နှင့် ထွက်ပြေးမည့်အကြောင်းကို အသိပေးထားခဲ့သည်။

ခလ၇ ၂၆၂ တပ်ရင်းတွင်မူ ဘဝတူစစ်မှုထမ်းစုဆောင်းခံရသူ ၄၆ ဦးရှိနေကြသည်။ ထိုသူများအားလုံး ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင် နေထိုင်ကြသူများဖြစ်သည်ဟုဆိုသည်။

“တချို့တွေကတော့ ပိုက်ဆံရလို့လိုက်လာကြတဲ့သူတွေရှိတယ်။ ပိုက်ဆံမရဘဲနဲ့ ဘလိုင်းကြီးခေါ်လာတဲ့သူတွေလည်းရှိ တယ်။ ဘလိုင်းကြီးခေါ်လာတဲ့သူတွေက ပိုများတယ်” ဟု ၎င်းကဆိုသည်။

ကော့သောင်းမြို့အခြေစိုက် ခလရတပ်ရင်း ၂၆၂ ထဲတွင် နှစ်ရက်မျှနေရပြီးနောက် ကိုကျော်သက်ဦးတို့ လူတစ်စုကို မြိတ်မြို့ရှိ စစ်ကောင်စီစခန်းတစ်ခုသို့ ပို့ဆောင်လိုက်ကြသည်။

အနေ၊ အစားဆင်းရဲသည့် စစ်သင်တန်း

မြိတ်မြို့ရှိ စစ်ကောင်စီစခန်းမှတစ်ဆင့် ၎င်းတို့လူစုအား ပုလောမြို့နယ် ပလမြို့ရှိ အမှတ် ၁၂ စစ်ကောင်စီတန်းမြင့် လေ့ကျင့်ရေးကျောင်းသို့ ရေလမ်းခရီးဖြစ်ပို့ဆောင်လိုက်ကြသည်။

မြိတ်မြို့ရှိ ထိုစခန်းနာမည်ကိုမူ ကိုကျော်သက်ဦး မမှတ်မိတော့ပေ။ သို့သော် ထိုစခန်းမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့မှ စစ်မှုထမ်းများကို စုစည်းပေးရသည့် ဌာနချုပ်တစ်ခုဖြစ်သည်။

ထိုမှတစ်ဆင့် ပုလောမြို့ရှိ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲကျော်ကျော်ဦးစီးသည့် အမှတ် ၁၂ စစ်ကောင်စီတန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းသို့ စစ်မှုထမ်းသင်တန်းသားများကို ပို့ဆောင်ပေးကြခြင်းဖြစ်သည်။

ကိုကျော်သက်ဦးတို့ စစ်မှုထမ်းအပတ်စဉ် ၂ သမားများတွင် လူငယ် ၂၃၂ ဦးပါသည်။ ထိုလူငယ်များအားလုံးမှာ မွန်နှင့် တနင်္သာရီတိုင်းတို့မှ စုဆောင်းခံရသူများပင်။

ယင်းမတိုင်ခင် အပတ်စဉ် ၁ တွင်မူ ထိုသင်တန်းကျောင်းတွင် စစ်မှုထမ်းသင်တန်းသား ၂၆၀ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ကိုကျော်သက်ဦးတို့ ထိုသင်တန်းကျောင်းသို့ ရောက်ရှိချိန်တွင် အပတ်စဉ် ၁ သင်တန်းသားများပင် သင်တန်း မဆင်းကြ သေးပေ။

သင်တန်းသားများကို စစ်နည်းဗျူဟာ၊ စစ်မြေပြင်အင်ဂျင်နီယာ၊ စစ်မြေပြင်အုပ်ချုပ်ရေး စသည့်ဘာသာရပ်များကို ပို့ချပေးနေကြောင်း စစ်ကောင်စီတပ်က ဟိတ်ဟန်ထုတ် ပြောဆိုနေသော်လည်း တကယ့်သင်တန်းတွင်မူ လက်နက်ငယ်ဖြုတ်၊ တပ်၊ ပစ်နှင့် ဖောက်ခွဲရေးမိုင်းအကြောင်းကိုသာ သင်ကြားပေးသည်ဟု ဆိုသည်။

နှစ်ချီကြာ အချိန်ယူလေ့ကျင့်သင်ကြားရသည့် စစ်ပညာကို ကိုကျော်သက်ဦးတို့လို စစ်မှုထမ်းများက အခြေခံကွန်ပျူတာသင်တန်းအလား သုံးလပြတ်သင်ကြားပေးကာ တိုက်ပွဲရှိရာဆီ ပို့လိုက်ကြသည်။

မြဝတီ၊ MRTV-4 တို့တွင် စစ်မှုထမ်းသင်တန်းသားများကို စားကောင်းသောက်ဖွယ်များ အလျှံအပယ်ကျွေးမွေးနေသည့် မြင်ကွင်းတို့ဖြင့် ပြည်သူကို မလိမ့်တစ်ပတ်ရိုက်ပြကာ ကြွားလုံးထုတ်နေသော စစ်ကောင်စီသည် လက်တွေ့တွင်မူ မငတ်ရုံမျှသာ ကျွေးမွေးပြီး နံနက် ၇ နာရီမှ ည ၈ နာရီအထိ စာတွေ့လက်တွေ့ သင်တန်းတက်ခိုင်းသည်ဟု ကိုကျော်သက်ဦးက ပြောပြသည်။

“တစ်ခါတလေဆို ငါးပိထောင်းတစ်တုံး၊ ငါးကြော်တစ်ယောက်တစ်ကောင်ဒါပဲ။ အဲဒါကြီးကို သိုးလည်းစား၊ မသိုးလည်းစားပေါ့” ဟု ကိုကျော်သက်ဦးက ရင်ဖွင့်သည်။

စစ်သင်တန်းအပြင် တောခုတ်၊ ခြုံရှင်း၊ ဘန်ကာဆောက် စသည့်အလုပ်ကြမ်းများကိုလည်း မညှာမတာ အဓမ္မလုပ်ဆောင်စေကြောင်း ၎င်းကဆိုသည်။

အဆင့်ဆင့်ခေါင်းပုံဖြတ်မှု

စစ်မှုထမ်းသင်တန်းသားများမှာ သင်တန်းကာလတွင် လစာတစ်လ ၁၇၄၀၀၀ ကျပ်ရပြီး သင်တန်းပြီး သက်ဆိုင်ရာ တပ်ရင်းများဆီ တာဝန်ထမ်းဆောင်ချိန်တွင်မူ တစ်လ ၂၀၄၀၀၀ ကျပ်ရှိသည်ဟု ကိုကျော်သက်ဦးက ပြောသည်။

သို့သော်ထိုလစာငွေများကို ကိုကျော်သက်ဦးတို့ အပြည့်ခံစားခွင့်မရကြပေ။ ကြားထဲတွင် အဆင့်ဆင့်ဖြတ်တောက် ခံကြရသည်။ ထိုအပြင် တပ်အပြင်သို့ ထွက်ခွင့်ပိတ်ပင်ခံထားရသော စစ်မှုထမ်းများမှာ အရာရှိကတော်များဖွင့်ထားသည့် ဈေးဆိုင်များတွင်သာ စျေးကြီးပေးဝယ်ယူကြရသည်။

ပြောက်ကျားယူနီဖောင်းမှစပြီး ရင်ထိုးတံဆိပ်အမျိုးမျိုး၊ ဖိနပ်တိုက်ဆေး၊ ကော်လံဂျက်၊ စသည်တို့အတွက် အထက်အရာရှိအဆင့်ဆင့်က လစာငွေထဲမှ ဖြတ်တောက်ခြင်းကိုခံကြရသည်။

“ပိုက်ဆံတောင် အိမ်ကပြန်လွှဲခိုင်းရတယ်” ဟု ကိုကျော်သက်ဦးက ပြောပြသည်။

ထွက်ပြေးရန်ကြံစည်

ကိုကျော်သက်ဦးမှာ စစ်မှုထမ်းစုဆောင်းခံရသည့်နေ့မှစပြီး ထွက်ပြေးလွတ်မြောက်ရန် သုံးကြိမ်တိတိကြိုးစားခဲ့ဖူးသည်။

ပထမဆုံးအကြိမ်မှာ ပလောက်မြို့ စစ်သင်တန်းကျောင်းတွင်ရှိနေစဉ်ကဖြစ်သည်။ သို့သော် စခန်းပတ်ပတ်လည်ရှိ လူသတ်မိုင်းများစွာက ကိုကျော်သက်ဦးကို ဟန့်တားထားလေရာ အကြံအစည်ကို လက်လျှော့ခဲ့ရလေသည်။

“ကျွန်တော်က သင်တန်းကျောင်းမှာကတည်းက ထွက်ပြေးဖို့လုပ်တာ။ ဒါပေမဲ့ဘယ်လိုမှ ထွက်လို့မရဘူး။ သူတို့က စခန်း ပတ်ပတ်လည်မှာ မိုင်းတွေထောင်ထားတယ်လေ။ ပြီးတော့ အစောင့်တွေကလည်း အထပ်ထပ်ချထားသေးတာ” ဟု ကိုကျော်သက်ဦးက ပြောသည်။

ဒုတိယအကြိမ်မှာ စစ်သင်တန်းအပြီး ထားဝယ်မြို့အခြေစိုက် ခလရ ၂၆၇ တပ်ရင်းထဲတွင် တာဝန်ကျချိန်ကဖြစ်သည်။ ထိုတပ်ရင်းထဲရှိနေစဉ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက်မိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးရန် အခွင့်မသာခဲ့ဟုဆိုသည်။

လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာစခန်းသို့ ပြောင်းရွေ့ခံရချိန်တွင် တတိယအကြိမ်မြောက် ထွက်ပြေးရန် အကြံအစည်ဖြင့် ဒေသတွင်းရှိ နွေဦးပြောက်ကျားတပ်ဖွဲ့နှင့် ချိတ်ဆက်မိသွားသောအခါမှ အကြံအစည် အထမြောက်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ကိုကျော်သက်ဦးသည် စစ်သင်တန်းသုံးလ ထိုမှထားဝယ်မြို့အခြေစိုက် ခလရ ၂၆၇ တပ်ရင်းထဲတွင် ၄၅ ရက် ထိုနေရာမှ လောင်းလုံးမြို့နယ် ကျောက်နီမော်စခန်းတွင် ၄၅ ရက် စုစုပေါင်း ၆ လဝန်းကျင် စစ်မှုထမ်းဆောင်ခဲ့ရပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့ ညအချိန်တွင် ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။

သေနတ်နှစ်လက်၊ ကျည်ဘောက်ငါးခု၊ ကျည် ၃၀၀ နီးပါးဖြင့် ထွက်ပြေးလာသော ကိုကျော်သက်ဦးကို
နွေဦးပြောက်ကျားတပ်ဖွဲ့က ဆုငွေကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပေးလိုက်သည်။

သူ၏ လွတ်မြောက်ရေးစွန့်စားမှုမှာ တစ်ချက်လေးမှားယွင်းလိုက်သည်နှင့် အသက်နှင့်ခန္ဓာ အိုးစားကွဲရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ သို့သည့်တိုင် သေမြေကြီး ရှင်ရွှေထီး သူစွန့်စားထွက်ပြေးခဲ့သည်။

“တိုက်ပွဲမှာ မင်းတို့မပစ်ရင် PDF တွေက မင်းတို့ကို ပစ်သတ်သွားလိမ့်မယ်” လို့ နေ့စဉ်နားထဲရိုက်သွင်းခံ နေရပေမယ့် ကိုကျော်သက်ဦးမှာ PDF များကို ယုံံယုံကြည်ကြည်ဆက်သွယ်ပြီး ရုန်းထွက်နိုင်ခဲ့သည်။

အသက်စွန့်ကာ ထွက်ပြေးလာရခြင်းအပေါ် ကိုကျော်သက်ဦးက အခုလို ပြောဆိုလိုက်သည်။

“ကျွန်တော်မှန်ကန်တဲ့လမ်းကြောင်းကို အသက်နဲ့ရင်းပြီးရွေးချယ်ခဲ့တယ်။ အထဲမှာကျန်ခဲ့တဲ့ သူတွေကိုလည်း ကျွန်တော်လိုပဲ မှန်တဲ့လမ်းကို ရွေးကြစေချင်တယ်။ PDF တွေဆိုတာ စစ်တပ်လို မယုတ်မာဘူး”