BREAKING
December 22, 2024

ကျည်ဆန်ပေါ်က သတင်းစကား

December 17, 2024

ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် သေနတ်နဲ့ပစ်သတ် ခံလိုက်ရပါတယ်။

ထူးဆန်းတာက အမေရိကန်ပြည်သူတော်တော်များများက မျက်နှာဖုံးစွပ်ထားတဲ့ လူသတ်သမားကို သူရဲကောင်းတစ်ယောက်လို ပုံဖော်ချီးကျူးနေကြတာပါပဲ။

နယူးယောက်မြို့လယ်ခေါင်မှာ သွေးအေးအေးနဲ့ ပစ်သတ်သွားခဲ့တဲ့အမှုမှာ လူသတ်သမားကို လူတွေဘာကြောင့်ချီးကျူးနေကြတာလဲ။

လူသတ်သမားရဲ့ ကျည်ဆန်အခွံတွေပေါ်မှာ စကားလုံးသုံးလုံး ရေးထားပါတယ်။

“…Deny…”

“…Defend…”

“…Depose…”

ဒါဟာ အမေရိကန်ကျန်းမာရေးအာမခံကုမ္ပဏီတွေက သူတို့ ဖောက်သည်တွေရဲ့ ဆေးဝါးကုသမှုစရိတ်တွေကို ငြင်းဆန်တဲ့အခါမှာ သုံးလေ့ရှိတဲ့ စကားလုံးတွေ ဖြစ်နေပါတယ်။

ကမ္ဘာ့အကြီးဆုံးကျန်းမာရေးအာမခံကုမ္ပဏီ UnitedHealthcare ရဲ့ အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်သွန်မဆင် အခုဒီဇင်ဘာလဆန်းမှာ အသတ်ခံခဲ့ရတာပါ။

ဒီသတ်ဖြတ်မှုရဲ့ နောက်ကွယ်မှာ အံအားသင့်ဖွယ် ဇာတ်လမ်းတစ်ပုဒ်ရှိနေပါတယ်။

အာမခံ ကုမ္ပဏီအပေါ် မကျေနပ်ချက်များ

အခုနှစ် ဇူလိုင်လရဲ့ ပူပြင်းတဲ့ နေ့တစ်နေ့တုန်းက အမေရိကန်နိုင်ငံ ၊ မင်နီဆိုးတားပြည်နယ်က UnitedHealthcare ရုံးချုပ်ရှေ့မှာ လူပေါင်းတစ်ရာကျော် စုဝေးနေခဲ့ကြပါတယ်။

သူတို့ရဲ့ ဆေးဝါးကုသမှုစရိတ်ကို ကျန်းမာရေးအာမခံကုမ္ပဏီဘက်က ကျခံဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံအနှံ့က ရောက်ရှိစုဝေးလာကြတဲ့ ဒီဆန္ဒပြပွဲကို People’s Action Institute က ဦးဆောင်စီစဉ်ခဲ့တာပါ။အဲဒီဆန္ဒပြပွဲမှာ ပါဝင်ခဲ့ကြသူလေးဦးဟာ လမ်းမကို ပိတ်ဆို့မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။

UnitedHeatlthcare နဲ့ အခြားသော အမေရိကန်ကျန်းမာရေးအာမခံကုမ္ပဏီတွေဟာ သူတို့ရဲ့ စီးပွားရေးလုပ်ပုံကိုင်ပုံတွေကြောင့် တရားစွဲဆိုခံရမှုတွေ ရှိခဲ့ပါတယ်။ မီဒီယာတွေရဲ့ စောင့်ကြည့်စုံစမ်းမှုတွေ ၊ အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ကျန်းမာရေးအာမခံကုမ္ပဏီရဲ့ တာဝန်မယူမှုကြောင့် ဆေးကုသမှုစရိတ် ဒေါ်လာရှစ်သိန်းအကြွေးတင်သွားတဲ့ကောလိပ်ကျောင်းသားတစ်ယောက်ရဲ့ အမှုကလည်း သတင်းတွေမှာ ဖော်ပြခံခဲ့ရပါတယ်။ အဲဒီအမှုမှာ UnitedHealthcare ကုမ္ပဏီဘက်က လျော်ကြေးပေးပြီး အမှုကျေအေးသွားပါတယ်။

အမေရိကန်ပြည်သူ ငါးပုံနှစ်ပုံဟာ ကျန်းမာရေးအာမခံဝန်ဆောင်မှု အကန့်အသတ်တွေကြောင့် သူတို့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို မရရှိကြပါဘူးလို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။

“ကျွန်မမှာ အဆုတ်ကင်ဆာ အဆင့် ၄ ရောက်နေပြီ”

UnitedHealthcare အမှုဆောင်အရာရှိချုပ် အသတ်မခံရခင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာအောက်မှာ အမေရိကန်အမျိုးသမီးတစ်ယောက်က ရေးထားတာပါ။ အဲဒီပို့စ်မှာ အမှုဆောင်အရာရှိချုပ် ဘရိုင်ဘန်သွန်မဆင်က လူတွေ ဆေးဝါးကုသမှုပိုရလာအောင် သူတို့ ကြိုးစားနေတယ်လို့ ရေးသားထားတာဖြစ်ပါတယ်။

“ UnitedHealthcare နဲ့ ကျွန်မ လမ်းခွဲလိုက်ပြီ။ ကျွန်မရဲ့ ဆေးဝါးကုသမှုစရိတ်တွေကို သူတို့ဘက်က ငြင်းပယ်ခဲ့သမျှ အားလုံးကြောင့်ပါ။ ဒီလိုငြင်းဖို့အတွက် သူတို့မှာ လတိုင်းအကြောင်းပြချက်တစ်ခုခုတော့ ရှိကို ရှိနေတယ်”

ကျန်းမာရေးကြွေးပုံဆိုက်ခြင်း

UniteHealthcare ကုမ္ပဏီအတွက် အနှစ်နှစ်ဆယ်အလုပ်လုပ်လာခဲ့တဲ့ အမှုဆောင်အရာရှိချုပ် အသတ်ခံလိုက်ရတဲ့အပေါ် Al Jazeera သတင်းဌာနမှာ ဆောင်းပါးရှင် အမျိုးသမီးတစ်ဦးက အခုလို ရေးခဲ့ပါတယ်။

“အမေရိကန်ပြည်ထောင်စုမှာ လူတန်းစားတိုက်ပွဲတစ်ခုက ရှိနေပြီးသားပါ။ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ဒီလူတန်းစားတိုက်ပွဲထဲက သွေးထွက်သံယို အများဆုံးစစ်မျက်နှာတွေထဲက တစ်ခုပဲ”

အမေရိကန်ပြည်သူတွေရဲ့ ထက်ဝက်လောက်ဟာ သူတို့ရဲ့ ကျန်းမာရေးအာမခံစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို နားမလည်ကြဘူးလို့ The Economist မဂ္ဂဇင်းက ဆိုပါတယ်။

အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာ ရှုပ်ထွေးရုံတင်မကဘဲ ကုန်ကျစရိတ်လည်း အဆမတန်ကြီးမြင့်နေပါတယ်။ The Commonwealth Fund ဆိုတဲ့ သုတေသနဖောင်ဒေးရှင်းရဲ့ ပညာရှင်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Sara Collins အခုလို ပြောပါတယ်။

“ဆေးဝါးကုသမှုစရိတ်တွေကို မပေးနိုင်ကြတဲ့အတွက် ပြည်သူတွေမှာ အကြွေးတွေ စုပုံလာတယ်။ ဒါက အမေရိကန်ပြည်ထောင်စုမှာ တကယ်ဖြစ်နေတဲ့အရာပါ။ ကျွန်မတို့ နိုင်ငံမှာ ကုသစရိတ်ကြွေးမြီ အကျပ်အတည်းတစ်ခု အမှန်တကယ်ရှိနေတယ်”

ဘယ်လိုအခြေအနေမျိုးမှာ အာမခံကုမ္ပဏီဘက်က ကုသမှုစရိတ်ထုတ်ပေးလဲဆိုတာကို နားလည်ဖို့အတွက် အမေရိကန်ပြည်သူတွေမှာ အခက်အခဲကြုံနေရတယ်လို့ သူမက ဆိုပါတယ်။

စစ်တမ်းတစ်ခုအရ အမေရိကန်ပြည်သူ ၄၅ ရာခိုင်နှုန်းဟာ အာမခံကုမ္ပဏီဘက်က ပေးလိမ့်မယ်လို့သူတို့ ထင်ထားတဲ့ ကုသမှုစရိတ်တွေကို ပေးချေခဲ့ရပါတယ်။ အဲဒီလိုပေးခဲ့ရသူတွေထဲက တစ်ဝက်က ဒါကို စောဒကတက်ခဲ့ကြပါတယ်။

ဆရာဝန် ညွှန်ကြားထားတဲ့ ကျန်းမာရေးကုသမှုကို ခံယူဖို့အတွက် အာမခံကုမ္ပဏီဘက်က စရိတ်စက ထုတ်ပေးဖို့ ငြင်းပယ်ခဲ့တယ်လို့ စစ်တမ်းဖြေဆိုသူ ၁၇ ရာခိုင်နှုန်းက ပြောပါတယ်။

ဆေးဝါးကုသမှုစရိတ်တွေကို ဆေးရုံနဲ့ အာမခံကုမ္ပဏီအကြား ညှိနှိုင်းသတ်မှတ်တာမျိုးရှိတဲ့အတွက် လူနာတွေဘက်က ပေးရတဲ့ ကုသမှုစရိတ်ဟာ တကယ့်ကုန်ကျစရိတ်နဲ့ ကွဲလွဲမှုရှိနေပါတယ်။

ကျန်းမာရေးကုသမှုစရိတ် ကြီးမြင့်လွန်းနေတာတွေဟာ ကျန်းမာရေးအာမခံကုမ္ပဏီတွေမှာ တာဝန်အများကြီးရှိတယ်လို့ အမေရိကန်နိုင်ငံသားသုံးပုံနှစ်ပုံဝန်းကျင်က ယုံကြည်နေကြတယ်လို့ နောက်ထပ်စစ်တမ်းတစ်ခုကလည်း ဖော်ပြပါတယ်။

မကြာသေးခင်နှစ်တွေအတွင်းမှာ ကျန်းမာရေးအာမခံကုမ္ပဏီတွေက ဖောက်သည်လူနာတွေရဲ့ ဆေးဝါးကုသမှုစရိတ်ကို ထုတ်ပေးဖို့ ငြင်းဆန်တာ ပိုများလာတယ်လို့ Sara Collins က ပြောပါတယ်။ အမေရိကန်မိသားစုတစ်ခုအတွက် ကျန်းမာရေးအာမခံပရီမီယမ်ကြေးက တစ်နှစ်ကို ဒေါ်လာနှစ်သောင်းခွဲ ဝန်းကျင်အထိ ရှိတယ်လို့ သူမက ဆိုပါတယ်။

ဗီလိန်လား ဟီးရိုးလား

ဒီဇင်ဘာလ ၄ ရက်နေ့က နယူးယောက်မြို့လယ်ခေါင်မှာ ဘရိုင်ယန်သွန်မဆင်ကို ပစ်သတ်သွားတဲ့ လူသတ်တရားခံကို ဒီဇင်ဘာလ ၉ ရက်နေ့မှာ အာဏာပိုင်တွေဘက်က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက လူသတ်တရားခံဟာ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်တဲ့ Univeristy of Pennysylvania ကနေ ဘွဲ့ရထားတဲ့ အသက် ၂၆ နှစ်အရွယ် လူကုံထံသားသမီးတစ်ယောက် ဖြစ်နေပါတယ်။

“ပြဿနာတစ်စုံတစ်ရာ ၊ စိတ်ဒဏ်ရာရစရာတစ်စုံတစ်ရာ လုပ်မိတဲ့အတွက် ကျွန်တော် တေင်းပန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီလို လုပ်ကို လုပ်မှရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီသွေးစုပ်ကောင်တွေကပဲ ဒီလိုမျိုး ဖြစ်အောင် လုပ်ခဲ့ကြတာ”

ဒါဟာ လူသတ်တရားခံ လူဝီမန်ဂျိုးနေ ရေးခဲ့တဲ့ မှတ်စုထဲက ကောက်နုတ်ချက်ဖြစ်ပါတယ်။ ကျန်းမာရေးအာမခံကုမ္ပဏီတွေဟာ သိပ်ကို အင်အားကြီးလွန်းပြီး သူတို့ အကျိုးအမြတ်ကြီးကြီးမားမား ရဖို့အတွက် တိုင်းပြည်ကို ဒုက္ခပေးနေတယ်လို့လည်း ရေးထားပါတယ်။

သူ့ကို ဖမ်းမိဖို့အတွက် ခေတ်သစ်နည်းပညာနဲ့ သမားရိုးကျစုံထောက်နည်းလမ်းတွေကို သုံးပြီး ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ နယူးယောက်မြို့ထဲကို ခြေရာလက်ရာမပေါ်အောင် ဝင်လာပြီး လူသတ်သွားတဲ့ လူဝီဂျီမန်ဂျိုးနေဟာ ရဲတပ်ဖွဲ့ကို လှည့်စားပြီး တစ်ပတ်နီးပါး ပျောက်ကွယ်သွားခဲ့ပါတယ်။

လူသတ်မှုမကျူးလွန်ခင် ၆ လခန့်ကတည်းက သူဟာ မိသားစုနဲ့ မိတ်ဆွေတွေအားလုံးကို အဆက်အသွယ်ဖြတ်ပြီး ဧကစာရီကျင့်နေခဲ့ပါတယ်။

လူသတ်သမားဟာ နယူးယောက်မြို့ထဲ ရှိနေချိန်အများစုမှာ မျက်နှာဖုံးတပ်ထားခဲ့ပါတယ်။ စစချင်းမှာ သူ ဘယ်သူဘယ်ဝါဆိုတာကို ရဲတွေဘက်က မဖော်ထုတ်နိုင်ခဲ့ပါဘူး။ ထွက်ပြေးနေတဲ့ လူသတ်သမား အဆောင်တစ်ခုမှာ တည်းခိုနေတုန်း ဝန်ထမ်းအမျိုးသမီးတစ်ယောက်နဲ့ ပရောပရည်လုပ်ရင်း သူ့မျက်နှာဖုံးကို ဆွဲချလိုက်ပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေးကင်မရာမှတ်တမ်းထဲ ပေါ်နေတဲ့ သူ့မျက်နှာကို ရဲတွေ ပထမဆုံး မြင်ဖူးသွားခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့မှာ လူသတ်သမားဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ၊ အတ္တလူးနားမြို့က မက်ဒေါနယ်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်စားသောက်နေခဲ့ပါတယ်။ မျက်စိရှင်တဲ့ ဆိုင်ဝန်ထမ်းတစ်ယောက်က သူ့ကို သတိထားမိသွားပြီး ရဲကို ဖုန်းလှမ်းဆက်တဲ့အချိန်မှာ သူ အဖမ်းခံခဲ့ရပါတယ်။

သူ့ကို လူသတ်မှုဒုတိယအဆင့်နဲ့ အခြားလက်နက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုခံထားရပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာတော့ လူအများအပြားက သူ့ကို သူရဲကောင်းတစ်ယောက်လို ပုံဖော်နေကြပါတယ်။

အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်သွန်မဆင်ကို ပစ်သတ်ဖို့ သူ သုံးခဲ့တဲ့ ကျည်ဆန်အခွံတွေပေါ်မှာ ရေးထားတဲ့ စကားလုံးသုံးလုံးဟာ လူအများကြား ရေပန်းစားတဲ့ Meme တစ်ခု ဖြစ်လာနေပါတယ်။ သူ့အကြောင်း သီချင်းတွေရေးပြီး သူ့ပုံကို တက်တူးထိုးကြတာမျိုးတွေအထိ အင်တာနက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ အမှုရင်ဆိုင်နေရတဲ့သူ့အတွက် ငွေကြေးလှူဒါန်းမှုတွေ ရှိလာပါတယ်။

သူ ကျူးလွန်ခဲ့တဲ့ လူသတ်မှုဟာ ကျန်းမာရေးအာမခံကုမ္ပဏီတွေအပေါ် အမေရိကန်ပြည်သူတွေ အနှစ်နှစ်အလလ ခံစားနေခဲ့ရတဲ့ မီးခဲပြာဖုံး ဒေါသတွေကို ဖွင့်ထုတ်ပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

UnitedHealthcare ကုမ္ပဏီဟာ အမေရိကန်နိုင်ငံသား သန်း ၅၀ ဝန်းကျင်ကို ကျန်းမာရေးအာမခံပေးထားပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ကို လုပ်ကြံလိုက်ပြီဆိုတဲ့ သတင်းနောက်မှာ ခါးသီးရက်စက်တဲ့ သရော်လှောင်ပြောင်မှုတွေဟာ အင်တာနက်ပေါ် မှာ အုံလိုက်ကျင်းလိုက် ပေါ်ထွက်လာခဲ့ပါတယ်။

လူပေါင်းတော်တော်များများက UnitedHealthcare နဲ့ အခြားကျန်းမာရေးအာမခံကုမ္ပဏီတွေက သူတို့ရဲ့ ဆေးဝါးကုသစရိတ်တွေကို ငြင်းပယ်ခဲ့တဲ့ ဇာတ်လမ်းတွေကို ပြောပြလာကြပါတယ်။ လူဝီဂျီမန်ဂျိုးနေရဲ့ လူသတ်မှုဟာ ကျန်းမာရေးအာမခံကုမ္ပဏီတွေအပေါ် အမေရိကန်လူထုရဲ့ မုန်းတီးဒေါသတွေကို အန်ထုတ်ပေးလိုက်သလိုပါပဲ။

UnitedHealthcare ကုမ္ပဏီရုံးချုပ်ရှေ့က ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ People’s Action Institute ရဲ့တာဝန်ရှိသူတစ်ဦးက သူ့အနေနဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုကြောင့် အံ့အားသင့်တုန်လှုပ်မိတယ်လို့ ပြောခဲ့ပါတယ်။

သူတို့ဟာ အကြမ်းမဖက်ဘဲ ဒီမိုကရေစီနည်းလမ်းတကျ ကမ်ပိန်းမျိုးနဲ့ပဲ လှုံ့ဆော်စည်းရုံးခဲ့တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ လူတွေ ဖော်ပြနေကြတဲ့ ဒေါသကိုလည်း သူ နားလည်နိုင်တယ်လို့ ဆိုပါတယ်။

လူသတ်သမားရဲ့ စာထဲမှာ ဈေးကြီးလွန်းတဲ့ အမေရိကန်ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကြောင့် လူတွေ အသက်တိုနေရတယ်လို့ ရေးထားတာတစ်ခု ရှိပါတယ်။

တကယ်တော့ အမေရိကန်ပြည်ထောင်စုမှာ နှစ်စဉ်သေဆုံးနေတဲ့ လူနှစ်သောင်းဝန်းကျင်ဟာ သေနတ်နဲ့ ပစ်သတ်ခံရတာပဲ ဖြစ်ပါတယ်။

Ref: THE NEW YORKER, Al Jazeera, BBC, The Economist