BREAKING
December 22, 2024

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းတွင် သားအဖနှစ်ဦး မိုင်းထိ၊ သားဖြစ်သူ သေဆုံး

November 17, 2024

ပုံစာ - တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းတစ်နေရာကို တွေ့ရစဉ်(ပုံဟောင်း)

မြိတ်-တနင်္သာရီပြည်ထောင်စုကားလမ်းတွင် မိုင်းပေါက်ကွဲမှုကြောင့် မြိတ်မြို့နယ် တုံးဗျောရွာဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၄ ရက် နံနက် ၇နာရီခန့်တွင် တုံးဗျောကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မိုင်းပေါက်ခဲ့ရာ ဆိုင်ကယ်ဖြင့်လာသည့် သားအဖနှစ်ဦး မိုင်းစ ထိမှန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၄၀ ဝန်းကျင်အရွယ် သားဖြစ်သူ အမျိုးသားသေဆုံးပြီး အသက် ၆၀ ဝန်းကျင်အရွယ် ၎င်း၏ ဖခင်ဖြစ်သူလည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

ဒဏ်ရာရသွားသည့် ဖခင်ဖြစ်သူကို မြိတ်ပြည်သူ့ဆေးရုံတွင် တင်ပို့ကုသနေရကြောင်း ၎င်းက ပြောဆိုသည်။

“ဖြစ်တာက လမ်းမကြီးပေါ်မှာပဲ မိုင်းကွဲပြီး သေတာပေါ့။ လက်နက်ကြီး မဟုတ်ပါဘူး။ စကစ ထောင်ထားတဲ့မိုင်းလို့ ပြောနေကြတာ။ စကစက လှုပ်ရှားနေတဲ့ နေရာလည်းဖြစ်တယ်ဆိုတော့” ဟု အထက်ပါဒေသခံက ပြောသည်။

မိုင်းပေါက်ကွဲသည့်နေရာသည် စစ်ကောင်စီတပ်သားများ သွားလာလှုပ်ရှားနေသည့် နေရာများဖြစ်သလို အထိုင်စခန်းချထားသည့် နေရာများနှင့်လည်းနီးကြောင်း အဆိုပါနယ်မြေတွင် စစ်ရေးလှုပ်ရှားနေသည့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်မှစကာ တုံးဗျောကျေးရွာအုပ်စုအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် လက်ရှိအချိန်အထိ စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။