BREAKING
December 28, 2024

ရွာလုံးကျွတ်နီးပါးစစ်ရှောင်နေရသည့် မောင်မယ်ရှောင်တွင် ရှင်ဓာတ်ဝဲဘုရားနှင့် ရှင်ဥပဂုတ္တပူဇော်ပွဲ အကျဥ်းချုံ့ကျင်းပ

November 17, 2024

ပုံစာ - ယနေ့ အပူဇော်ခံထွက်ခဲ့သည် ရှင်ဓာတ်ဝဲ ကိုယ်စားတော်နှင့် ရှင်ဓာတ်ဝဲဘုရားကြီး။ ဓာတ်ပုံ - ဒေသခံတစ်ဦး

ထားဝယ်မြို့ နယ်၊ မောင်မယ်ရှောင်ရွာတွင် ရှင်ဓာတ်ဝဲဘုရားကြီးကိုယ်စားတော်နှင့် ရှင်ဥပဂုတ္တရဟန္တာရုပ်ပွားတော်တို့အား ပင့်ဆောင်ပူဇော်ပွဲကိုယနေ့ နိုဝင်ဘာလ ၁၇ရက် နေ့လယ်ပိုင်းက အကျဉ်းချုံ့ကျင်းပကြောင်း ပွဲသို့သွားရောက်သူများက ပြောသည်။

အဆိုပါပူဇော်ပွဲကို အစဉ်အလာမပျက် နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ရောက်တိုင်း ကျင်းပလေ့ရှိပြီး နှစ် ၇၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။

သို့သော်ယခုနှစ်တွင် ဒေသခံများ စစ်ဘေးရှောင်နေရသဖြင့် ဘုရားလှည့်ပွဲအစား ရှင်ဓာတ်ဝဲဘုရားကိုယ်စားတော်စေတီနှင့် ရှင်ဥပဂုတ္တတို့ကို ကျေးရွာအတွင်း ခေတ္တပင့်ဆောင်၍ အစဥ်အလာမပျက်စေရန် အပူဇော်ခံခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“အကွက် ၁ (မနှဲကုန်း) ကို ဘုရားပင့်သွားပြီး ပရိတ်တရားနာကြပါတယ်။ မြို့မှာ (တိမ်းရှောင်) နေကြတဲ့သူတွေ နည်းနည်း တက်ကြတယ်။ ရွာမှာကျန်နေတဲ့အချို့နဲ့ ပေါင်းပြီး ရေစက်ချတရားနာလိုက်တယ်။ အပူဇော်ခံပွဲပြီးသွားပါပြီ” ဟု မောင်မယ်ရှောင်ရွာသားတစ်ဦးက ပြောသည် ။

ပုံမှန်အားဖြင့်ဆိုလျှင် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်ည၌ ရှင်ဓာတ်ဝဲကိုယ်စားတော်၊ ဘုရားရုပ်ပွားတော် ၁၈ ဆူ၊ ရှင်ဥပဂုတ္တတို့ကို ပင့်ဆောင်ပြီး စုစုပေါင်း ဘုရားလှည်းပေါင်း ၂၀ ကျော်ဖြင့် ညလုံးပေါက်လှည့်လည်ပြီးနောက် အရုဏ်တက်တွင် ကူးတို့ဆိပ်ဘုရား၌ သပိတ်မျှော၍ အခမ်းအနားပြီးဆုံးလေ့ရှိသည် ။

ဘုရားပွဲတော်ကိုလည်း တန်ဆောင်မုန်းလဆန်း ၁၀ရက်မှ လပြည့်ကျော် ၅ ရက်အထိ ဆယ်ရက်ကြာကျင်းပလေ့ရှိကြောင်း ရွာသားများက ဆိုသည် ။

ကိုဗစ်ကာလအတွင်း၌လည်း ဘုရားအဆူရေ အပြည့် မလှည်သော်လည်း ရှင်ဓာတ်ဝဲကိုယ်စားတော်နှင့် ရှင်ဥပဂုတ္တတို့ကို အစဥ်အလာမပျက်လှည့်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

မောင်မယ်ရှောင်ရွာသည် ယခုနှစ် မေလကတည်းက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု၊ ဝင်ရောက်တပ်စွဲနေထိုင်မှုနှင့် နှစ်ဘက်တိုက်ပွဲများကြောင့်ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်း ဆက်လက်နေထိုင်သူ အနည်းငယ်သာ ကျန်ရှိသည်။

အလားတူ ရွာသားအများစု စစ်ဘေးရှောင်နေရသည့် သရက်ချောင်းမြို့နယ် ကနက်သီရိရွာတွင်လည်း တန်ဆောင်မုန်း လပြည့်ညက နှစ် ၆၀ သက်တမ်းရှိ ဘုရားလှည့်ပွဲ စည်စည်ကားကား မကျင်းပနိုင်ခဲ့ဘဲ နှစ်ကျိပ်ရှစ်ဆူ ဘုရားသိမ်အတွင်း၌ ဘုရားရေသပ္ပါယ်ခြင်း၊ ဝတ်ရွတ်ခြင်းများသာပြုလုပ်ခဲ့ကြောင်း ကနက်သီရိရွာသားများထံမှ သိရသည်။