BREAKING
December 28, 2024

လွိုင်ကထုန်ညက ဖူးခက်တွင် မြန်မာတစ်ဦးအကြွေစေ့ဆယ်စဉ် ရေနစ်သေဆုံး

November 17, 2024

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့တွင် လွိုင်ကထုန် ဆီမီးမျှောပွဲညက ရေကန်ထဲရှိ ကထုန်ဆီမီးခွက်များပေါ်က အကြွေစေ့များကို လိုက်ဆယ်ယူနေသော မြန်မာနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ထန်လန်ရေကန်ကြီးတွင် နိုဝင်ဘာလ ၁၅ ရက်ညက လွိုင်ကထုန်မီးမျှောပွဲ ပြုလုပ်ပြီးနောက် ကထုန်မီးခွက်များပေါ်က အကြွေစေ့များကို ရှာဖွေဆယ်ယူနေသော မြန်မာနိုင်ငံသားတစ်ဦး ရေနစ်သေဆုံးခြင်းဖြစ်သည်။

လွိုင်ကထုန် ဆီမီးမျှောပွဲတော်ကို ထိုင်းနိုင်ငံတွင် တန်ဆောင်မုန်းလပြည့်ညတွင် ကျင်းပလေ့ရှိပြီး ထားဝယ်ဒေသက သပိတ်မျှောပွဲကဲ့သို့ ကထုန်မီးခွက်များပေါ်တွင် တစ်ဘတ်၊ နှစ်ဘတ်၊ ငါးဘတ်၊ ၁၀ ဘတ်တန်များထည့်၍ ဆီမီး၊ ပန်းများနှင့်အတူ မျှောလေ့ရှိကြသည်။

အသက် ၃၀ နှစ်အရွယ် မြန်မာနိုင်ငံသားသည် ရေကန်၏ ဘေးတွင် ဖိနပ်နှင့် ဖုန်းကို ထား၍ ရေထဲက ဆီမီးခွက်များပေါ်တွင် အကြွေစေ့များကို လိုက်လံဆယ်ယူနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ရဲတပ်ဖွဲ့သို့ ထွက်ဆိုထားသည်ဟု သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားသည် ရေထဲတွင် ရုတ်တရက် ပျောက်ဆုံးသွားပြီး ဘေးက ရပ်ကြည့်နေသူတစ်ဦးက ဆင်းကယ်ခဲ့သော်လည်း ၎င်းကို မတွေ့ရှိခဲ့ကြောင်း ဆိုသည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ရှာဖွေသောအခါ နောက်တစ်ရက် နိုဝင်ဘာလ ၁၆ရက် နံနက် ၄ နာရီခွဲအချိန်တွင် အလောင်းကို ပြန်တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

သေဆုံးသူသည် မြန်မာနိုင်ငံသား၏ ကိုယ်ရေးအချက်အလက်များကိုမူ သတင်းများတွင် ရေးသားထားခြင်း မရှိပေ။

အလောင်းကို စစ်ဆေးရန် ထန်လန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဈာပနာကိစ္စအတွက် မိသားစုများထံ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဆိုသည်။

Ref: The Thaiger, Phuket News