BREAKING
December 22, 2024

ပျူစောထီးများ ဖုန်းတာဝါတိုင်ဘတ္ထရီဖြုတ်ရောင်းသဖြင့် ဘုတ်ပြင်းက ရွာအချို့တွင် ဖုန်းလိုင်းလချီပြတ်

November 17, 2024

ပုံစာ - ဘုတ်ပြင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်(ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာရှိ Mytel ဖုန်းတာဝါတိုင်က ဘတ္ထရီများကို ပျူစောထီးများက ဖြုတ်ယူရောင်းစားသဖြင့် ကျေးရွာအတွင်း ဖုန်းလိုင်းများပြတ်တောက်နေသည်မှာ ခြောက်လခန့်ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မနိုးရုံးကျေးရွာအုပ်စု တောင်ငယ်ကျေးရွာရှိ ဖုန်းတာဝါတိုင်တွင် တပ်ဆင်အသုံးပြုထားသည့် ဘတ္ထရီများကို ပျူစောထီးများက ပြီးခဲ့သည့် ဧပြီလကတည်းက ဖြုတ်ယူရောင်းချခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

အဆိုပါ ဖုန်းတာဝါတိုင်ကို ဒေသခံပျူစောထီးများက တာဝန်ယူစောင့်ကြပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်ကမူ ဖုန်းတာဝါတိုင်စောင့်ဝန်ထမ်းအဖြစ် ကျေးရွာအတွင်းနေထိုင်သည့် ပြည်သူတစ်ဦးကို ခန့်ထားရာက နောက်ပိုင်းတွင် ဒေသခံပျူစောထီးများက တာဝန်ယူခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

တောင်ငယ်ကျေးရွာရှိ တာဝါတိုင်တွင် အသုံးပြုသည့် လျှပ်စစ်စွမ်းအင်မရှိတော့သည့်အတွက် အဆိုပါကျေးရွာအပြင် အနီးအနားရှိ ကော့ဘော့ရွာတွင်လည်း ဖုန်းလိုင်းပြတ်တောက်သွားကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကျေးရွာများတွင် အခြားဖုန်းအော်ပရေတာများ၏ ဆက်သွယ်ရေးကွန်ရက်က လိုင်းအားမကောင်း သဖြင့် Mytel အော်ပရေတာတစ်ခုကိုသာ အသုံးပြုနေကြခြင်းဖြစ်သည်။

“တမင် လိုင်းဖြတ်ခံရတာမျိုးမဟုတ်ဘူး။ ဖုန်းတိုင်စောင့်သမား (ပျူစောထီး) တွေ -ုတ်မာကြတာ။ ဘတ္ထရီ ခဏခဏ ခိုးရောင်းတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အထက်ပါ ပျူစောထီးများက ဘတ္ထရီများဖြုတ်ရောင်းသည့်အပြင် တာဝါတိုင်တွင်သုံးသည့် မီးစက်က စက်သုံးဆီပါ ယူရောင်းလေ့ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ခဏ ခဏ အဲဒီလိုလုပ်‌နေတော့ နောက်ဆုံးသူတို့ (အော်ပရေတာ) လည်း လာမလုပ်ပေးနိုင်ဘူးလေ။ ရွာလည်း ဖုန်းလိုင်း မရတော့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဘတ္ထရီ ဖြုတ်ခိုးခံရသဖြင့် ဆက်သွယ်ရေးပြတ်တောက်သွားချိန်တွင် ဖုန်းအော်ပရေတာ တာဝန်ရှိသူများက နှစ်ကြိမ်ထက်မနည်း လာရောက်ပြုပြင်တပ်ဆင်ပေးသော်လည်း ပျူစောထီးများက ထပ်မံဖြုတ်ပြီး ရောင်းစားကြသည့် အတွက် လာရောက်တပ်ဆင်ပေးခြင်း မရှိတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

ဘတ္ထရီ ခိုးယူရောင်းစားသည့်ကိစ္စအပြင် အခြားကိစ္စများကြောင့် မြေပြင်အခြေအနေတည်ငြိမ်သည့်အချိန်မှသာ ပြန်လည် ပြုပြင်ပေးတော့မည်ဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ် Mytel အော်ပရေတာ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အော်ပရာတာတာဝန်ရှိသူက အခြားကိစ္စများဟုသာ ပြောဆိုခဲ့ပြီး တိတိကျကျပြောပြရန် ငြင်းဆန်ခဲ့သည်။

“သွားလာရလမ်းကြောင်း‌ အခြေအနေကလည်း မအေးဘူး။ တာဝါတိုင်က ပြန်ပြုပြင်ရင် အစကနေအဆုံးအထိ အကုန်ပြန်လုပ်ရမှာ ကုန်ကျစရိတ်ကလည်း အရမ်းများတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

မနိုး‌ရုံးရွာတွင် ATOM (တယ်လီနော) တာဝါတိုင်တစ်တိုင်၊ လမ်းဖိုကမ်းလမ်းဆုံတွင် Ooredoo (အော်ရီဒူး) နှင့် MPT တာဝါတိုင်နှစ်တိုင်ရှိသော်လည်း တောင်ငယ်ရွာနှင့် ကော့ဘော့ရွာ နေရာအများစုတွင် လိုင်းမမိသည့်အတွက် ဆက်သွယ်ရေးပြတ်တောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ရှင်းပြသည်။

ထိုအခြေအနေကြောင့် ဒေသခံများက ဖုန်းလိုင်းမိသည့် ဘုရားတောင်ကုန်းပေါ်၊ မြစ်ချောင်း ကမ်းပါးထိပ်ကဲ့သို့ ဖုန်းလိုင်းရသည့် နေရာများကို သွားရောက်ကာ သုံးစွဲနေရကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေစိုးမိုးမှု အားကောင်းလာချိန်တွင် မနိုးရုံးကျေးရွာအုပ်စုရှိ ပျူစောထီးများက ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။