BREAKING
December 22, 2024

ပုလော မီးလောင်ချောင်းရွာကို စစ်ကောင်စီတပ်စစ်ကူရောက်ပြီး‌နောက် အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုး

November 17, 2024

ပုံစာ - တပိုကျေးရွာအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ‌နေအိမ်ကို မွှေနောက်ရှာဖွေထားသည်ကို တွေ့ရစဉ်။

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာကို စစ်ကောင်စီတပ်သားများ နိုဝင်ဘာလ ၁၅ရက်က စစ်ကူရောက်လာပြီးနောက် အနီးဝန်းကျင်ရှိ ဇရပ်ဆိပ်ကျေးရွာအုပ်စုကို မွှေနှောက်ရှာဖွေကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။

မြိတ်မြို့ဘက်မှ ကားသုံးစီးဖြင့် စစ်ကူရောက်လာပြီးနောက် အဆိုပါစစ်ကြောင်းသည် နိုဝင်ဘာလ ၁၆ရက် နံနက် ၆နာရီခန့် တွင် ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ တပိုကျေးရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးကာ ရောက်ရှိလာကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်စစ်ကြောင်းသည် တပို‌ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာအတွင်းရှိ အရပ်သားများကို ဖမ်းဆီးခြင်း၊‌ မွေးမြူထားသည့် ကြက်များကို အဓမ္မယူဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဒေသခံအချို့၏ ဆိုင်ကယ်နှင့် ငွေကြေးများလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

တပိုကျေးရွာအတွင်း ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် အသက် ၅၀ နှစ်အရွယ် ဦးထွန်းကို နေအိမ်တွင်ပင် ဖမ်းဆီးသွားပြီး အသက် ၂၇ နှစ်နှင့် ၄၅ နှစ်အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးနှစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။

“စစ်တပ်က အစောကြီးရောက်လာတာ။ မိန်းမတွေနဲ့ ကလေးတွေက ဈေးသည်‌စောင့်ရင်းအဖမ်းခံရတယ်။ ဦးထွန်းကို‌တော့ လက်နှောက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်” ဟု ၎င်းက ပြောသည်။

ထိုနောက် အဖမ်းခံရသူအားလုံးကို မေးမြန်းစစ်ဆေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းပေါ်ရှိ ဇရပ်ဆိပ်ကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားသည့်အတွက် ဒေသခံအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။

ထို့နောက် နိုဝင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွာသွားချိန်တွင် ဒေသခံများက ရွာအတွင်း ပြန်လည်နေထိုင်ကြခြင်းဖြစ်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီတပ်သား ၃၀ ခန့်က ပလမြို့ဘက်မှ ကားဖြင့် ရောက်လာသည့်အတွက် ဒေသခံများ ထပ်မံ ထွက်ပြေးခဲ့ရသည်။

လက်ရှိတွင် အင်အား ၄၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကြဲရွာ၊ တပိုရွာ၊ ဇရပ်ဆိပ်နှင့် မိန်းမမြို့ရွာ တို့တွင် တစ်ရွာဝင်တစ်ရွာထွက် မွှေနောက်စစ်ကြောင်းထိုးနေကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အခုလောလောဆယ်တိုက်ပွဲမဖြစ်ပါဘူး။ (စစ်ကြောင်းက) သက်သက်ကို‌မွှေနေတာ။ ပြည်သူတွေကို ဖမ်းပြီးပြန်လွှတ် လိုက်ပြီ ကြားတယ်။ ရွာထဲက ကြက်တွေယူသွားပြီးတော့ တပိုဘုန်းကြီးကျောင်းမှာ ထမင်းချက်စားနေ ကြတယ်” ဟု ၎င်းကဆိုသည်။

ပွင့်လင်းရာသီရောက်လာချိန်တွင် စစ်ကောင်စီတပ်က ပြည်ထောင်စုလမ်းပေါ်ရှိ ကျေးရွာများကို နယ်မြေစိုးမိုးရေးလုပ်ဆောင်လာပြီး စစ်ကြောင်းထိုးမှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်။