BREAKING
January 13, 2025

ကြားကာလ ကြိုတင်ပြင်ဆင်ရေးဥပဒေကို  NLD တိုင်းလွှတ်တော်က အငြင်းပွားဖွယ်အတည်ပြု

November 17, 2023

တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ (နိုဝင်ဘာ ၁၇) တွင်ထုတ်ပြန်လိုက်သည်။

တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်များက တိုင်းလွှတ်တော်ခေါ်ပြီး ယင်းဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့များက ယင်းလုပ်ဆောင်မှုအပေါ် လက်မခံသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

အဆိုပါ ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာဥပဒေကို တနင်္သာရီတိုင်းအပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၏ တိုင်းလွှတ်တော်များကလည်း အတည်ပြုပြဌာန်းလိုက်ကြောင်း NLD ၏ထုတ်ပြန်ချက်က ဆိုသည်။

ဒီမိုကရေစီကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း  NLD ၏ထုတ်ပြန်ချက်က ဆိုသည်။

နိုင်ငံရေးအစုအဖွဲ့များကို ပြီးခဲ့သည့်အပတ်က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောမတူကြောင်း ပြောဆိုကြသော်လည်း ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အစည်းဝေးတက်ခဲ့သူ တစ်ဦးကရှင်းပြသည်။

အားလုံးလက်ခံသဘောတူခြင်း မရှိသော်လည်း ယင်းကဲ့သို့ တိုင်းလွှတ်တော် ခေါ်ကာ အတည်ပြုလိုက်ခြင်း အပေါ် လက်မခံနိုင်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများကဆိုသည်။

ယခုအခြေအနေမှာ အငြင်းပွားဖွယ်များစွာရှိနေပြီး ယခုလိုထုတ်ပြန်သည့်အပေါ် တနင်္သာရီတိုင်းရှိ အစုအဖွဲ့များက အရေးပေါ်အစည်းဝေးခေါ်ယူကာ ဆွေးနွေးနေကြောင်း၊ ဆွေးနွေးပြီးရလာသည့် သဘောတူညီချက်အတိုင်း ပြန်လည်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းတွင် အစုအဖွဲ့အားလုံးကိုယ်စားပြု ပါဝင်သည့် နိုင်ငံရေး ဦးဆောင်မှု ယူနစ်တစ်ခု ပေါ်လာစေရန် အစုအဖွဲ့အသီးသီးက ကြိုးစားလုပ်ဆောင်နေချိန်တွင် NLD ၏ ယင်းကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းအတွင်းရှိ ရွေးချယ်ခံ NLD ကိုယ်စားလှယ်အချို့အပါအဝင် တော်လှန်ရေးအင်အားစု အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးဦးဆောင်အဖွဲ့များကို မြို့နယ်နှင့် ခရိုင်အဆင့်အထိ ဖွဲ့စည်းထားပြီး တိုင်းအဆင့်ဖွဲ့စည်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းသို့နိုင်ငံရေးဦးဆောင်အဖွဲ့များ ဖွဲ့စည်းပြီးမှသာ တနင်္သာရီ၏ ကြားကာလအစီအမံအဖြစ် နိုင်ငံရေး၊ စစ်ရေး အပါအဝင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများအား ဆောင်ရွက်မည့် အစီအမံများချမှတ်သွားရန် အစုအဖွဲ့အသီးသီးက လိုလားနေကြခြင်းဖြစ်သည်။

သို့သော် ယခု NLD ပါတီ၏ ထုတ်ပြန်ချက်မှာ နိုင်ငံရေး ဦးဆောင်မှုကို ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ်များကသာ လုပ်ဆောင်မည့် သဘောသက်ရောက်နေသဖြင့် ကျန်အစုအဖွဲ့များက လက်မခံနိုင်ဖြစ်နေကြခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ  လွတ်တော်အမတ်များအနေဖြင့် အရေးကြီးသော အစုအဖွဲ့တစ်ရပ်အနေဖြင့် ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှ အစုအဖွဲ့ အသီးသီးနှင့် အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်သာ လိုလားသည်ဟု အစည်းဝေးတက်‌ရောက်သူများကဆိုကြသည်။

တနင်္သာရီ ဒေသတစ်ခုလုံးနှင့် သက်ဆိုင်သည့် ကြားကာလအစီအမံ အတည်ပြုသည့်ကိစ္စကို ဒေသတွင်းရှိ တော်လှန်ရေးနှင့် နိုင်ငံရေးအစုအဖွဲ့များ၏ သဘောထားကို အကြေအလည်ဆွေးနွေးပြီး ရယူရန်လိုအပ်ကြောင်း အထက်ပါ ဖယ်ဒရယ်အရေးလှုပ်ရှားသူက ပြောသည်။

“သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်လွန်တယ်။ ဖယ်ဒရယ်ရဲ့ တန်ဖိုးထားမှုတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သွေဖယ်တာပေါ့”ဟု ၎င်းက ဆိုသည်။

ထိုကဲ့သို့ ဥပဒေအတည်ပြုလိုက်သည့်အတွက် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် တော်လှန်ရေးအစုအဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ချိန်တွင် နောက်ပြန်ဆုတ်သွားသည့် အနေအထားဖြစ်ကြောင်း အဆိုပါ ဖယ်ဒရယ်အရေးစိတ်ဝင်စားသူက ပြောသည်။

အားလုံးအတူတူပါဝင်မယ့် အခင်းအကျင်းတစ်ခုလုပ်ဖို့အတွက် တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားနေတဲ့ဟာကို ပိုပြီးတော့ အကွဲအပြဲဖြစ်နိုင်တဲ့ အခင်းအကျင်းကို သွားတယ်လို့ပဲ မြင်တယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ၂၀၀၈ ခြေဥကို ဖျက်သိမ်းထားပြီးဖြစ်သည့်အတွက် ရွေးချယ်ခံကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်မှာ အပြည့်အဝမရှိတော့သည့် အခင်းအကျင်းသာရှိကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဥပဒေတွင် တနင်္သာရီတိုင်းတွင် ဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံများ စနစ်တကျ ရေးဆွဲအတည်ပြုနိုင်ရေးအတွက် လိုအပ်သော ပေါင်းစပ်ညှိနှိုင်းရေးများ လုပ်ဆောင်‌ရန် ယင်းဥပဒေကို ပြဌာန်းကြောင်း ပါရှိသည်။

ယင်းဥပဒေအရ ပုဂ္ဂိုလ် ၅ ဦးပါ ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းရမည်ဖြစ်ပြီး ယင်းညှိနှိုင်းရေးအဖွဲ့က ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်ဖွဲ့စည်းနိုင်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသော အင်အားစုများ၏ သဘောဆန္ဒကို ရယူရန်နှင့် ကော်မရှင်တွင် ပူးပေါင်းပါဝင်လာရေး လုပ်ဆောင်ရမည်ဟု ဖော်ပြထားသည်။

ယင်းကော်မရှင်ကို ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်ခံကိုယ်စားလှယ် ၁၀ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ တစ်ပါတီလျှင် ကိုယ်စားလှယ် ၃ ဦး၊ သမဂ္ဂများ၊အမျိုးသမီးများ၊ လူငယ်နှင့်လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထု အဖွဲ့အစည်းများ၊ CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှု ဆိုင်ရာ အဖွဲ့အစည်း စသည့်အဖွဲ့များမှ ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ဖွဲ့စည်းရမည်ဟု ယင်းဥပဒေတွင် ပြဌာန်းထားသည်။