BREAKING
February 26, 2025

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် PDF နှစ်ဦးနှင့် အရပ်သားသုံးဦး သေဆုံး

November 17, 2023

ကျွန်းစုမြို့နယ်၊ဝါရစ်ကျေးရွာသို့ ဈေးဝယ်ရန်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးနှင့် အရပ်သားသုံးဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

နိုဝင်ဘာ ၁၆ ရက်နေ့နံနက်က ဝါရစ်ကျေးရွာသို့ ဈေးဝယ်လာသည့် PDF  ၃ ဦးကို စစ်ကောင်စီတပ်က စောင့်ကြို တိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ကြောင်း   တော်လှန်ရေးရဲဘော်အချို့က ဆိုသည်။

“သူတို့လာတာက အားလုံးငါးယောက်။ နှစ်ယောက်က လမ်းမှာကင်းပုန်းချထားရစ်(ခဲ့)တယ်။ သုံးယောက်က အဝိုင်းခံရပြီး နှစ်ဦး ပေးဆပ်လိုက်ရတာပေါ့။ လက်နက်နှစ်လက်လည်း ပါသွားတယ်။ ကျန်လူတွေတော့ လွတ်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

သေဆုံးသွားသည့် ရဲဘော်နှစ်ဦးမှာ အသက် ၂၅ နှစ်နှင့်  ၃၀ နှစ် ဝန်းကျင်ရှိပြီး မြိတ်ခရိုင်တပ်ရင်း ၂၊ တပ်ခွဲ ၂ မှ ဖြစ်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ယင်းနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ရာ လက်နက်ကြီး ထိမှန်၍ အရပ်သား နှစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါး ပြန်လွန်​တော်မူခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“လက်နက်ကြီးက အချက်ရေသုံးဆယ်လောက်ရှိတယ် ပစ်တာ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၂ ရက်နေ့ကစပြီးကျွန်းစုမြို့နယ်အတွင်းသို့ ပျူစောထီးများပါသည့် စစ်ကောင်စီတပ်က အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်နေသည်။