အခြားဒေသမှ စစ်ဘေးရှောင်လာသူအချို့မှာ မြိတ်မြို့ပေါ်တွင် အိမ်ခန်းငှားမရဘဲ အခက်ကြုံနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် တိုက်ပွဲများဆက်တိုက်နီးပါး ဖြစ်နေသည့်အတွက် ဒေသခံများက မြိတ်မြို့ပေါ်သို့ ပြောင်းရွှေ့ကာ စစ်ဘေးရှောင်လာကြခြင်းဖြစ်သည်။
သို့ရာတွင် ပြီးခဲ့သည့် တစ်လခန့်မှစကာ မြိတ်မြို့ပေါ်ရပ်ကွက်အချို့တွင် အိမ်ငှားရမ်းနေထိုင်သူများနေသည့်အတွက် အိမ်ခန်းရှာမရဘဲ အခက်ကြုံနေကြခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
“အိမ်လိုက်ငှားတာ မလွယ်ဘူး၊ တစ်လကျော်ကြာသွားတယ် အခုထိမရသေးဘူး။ လောလောဆယ် နီးရာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ခဏတည်းနေရတယ်” ဟု တနင်္သာရီမြို့နယ်မှ စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
ထိုသို့ ငှားရမ်းမည့်အိမ်ခန်းမရသေးသည့်အတွက် အသိမိတ်ဆွေနှင့် ဆွေမျိုးအိမ်များတွင် ခေတ္တနေထိုင်သူများလည်း ရှိနေသည်။
“ဆွေမျိုးအိမ်က အကြာကြီးနေလို့အဆင်မပြေဘူးပေါ့။ အိမ်ခန်းက ရှာတုန်းပဲသေး” ဟု မြိတ်တောင်ကျေးရွာအုပ်စု ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် စစ်ရှောင်လာသူတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်ရှောင်သူများပြားပြီး အိမ်ငှားနေထိုင်သူများလာသဖြင့် အိမ်ငှားခလည်း ဈေးတက်သွားသည်။
အိမ်ခန်းတန်းလျားတွဲရှိ အခန်းတစ်ခန်းလျှင် ကျပ်ငါးသောင်းမှ ခုနှစ်သောင်းကျပ် အထိလည်းကောင်း၊ လုံးချင်းအိမ်တစ်လုံးလျှင် တစ်သိန်းနှစ်သောင်းကျပ်မှ တစ်သိန်းခုနှစ်သောင်းကျပ်အထိလည်းကောင်း ဈေးတက်သွားသည်။
ထို့အပြင် တိုက်ခန်းတစ်ခန်းလျှင် ကျပ်ရှစ်သောင်းမှ ကျပ်တစ်သိန်းကျော်အထိ ဈေးတက်လာကြောင်း အိမ်ငှားဈေးကွက်ထံမှ သိရသည်။
လတ်တလောတွင်ပင် ကျွန်းစုမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်နေသဖြင့် မင်းဂုတ်၊ ပြင်ဝန်း၊ ရတောင်၊ ဝါရစ် စသည့် ကျေးရွာနေသူများမှာ မြိတ်မြို့ပေါ်သို့ ရွှေ့ပြောင်းလာကြသည်။
၎င်းတို့က မြိတ်မြို့ပေါ်ရှိ နီးစပ်ရာ ဆွေမျိုးအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် နေထိုင်ကြသလို အိမ်ခန်း ငှားရမ်းနေထိုင်သူများလည်းရှိကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။