ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတွင် ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာလ ၁၇) ရက်ညတွင် ဘုရားလာဖူးသူများဖြင့် စည်ကားနေကြောင်း မြို့ခံများထံမှ သိရသည်။
အဖိတ်နေ့ညတွင် လာရောက်သူနည်းပါးခဲ့သော်လည်း လပြည့်နေ့ ညဦးပိုင်းတွင် ဘုရားကြီးရှေ့ရှိ လမ်းမတွင် ယာဥ်ကြော ကျပ်သွားသည်အထိ ဘုရားဖူးများလာရောက်ခဲ့ကြောင်း မြို့ခံဘုရားဖူးများက ပြောသည်။
ယခင်ကကဲ့သို့ အုပ်စုလိုက်၊ အသင်းအဖွဲ့အလိုက် ဆီမီးအလှပုံဖော်၍ ထွန်းညှိသူများမရှိတော့သော်လည်း ဆီမီးခွက်စီတန်းထွန်းရန်ပြင်ဆင်နေသူများ၊ မီးပုံးပျံ လွှတ်သူများ၊ အအေးလာလှူသူများနှင့် ဘုရားဖူးများကို တွေ့ရကြောင်း ဆိုသည်။
ဝဲကျွန်းရပ်ကွက်၊ ကျိုက်ထီးရိုးကျောင်းတိုက်ရှိ ကျိုက်ထီးရိုးပုံတူစေတီတွင် စတုဒီသာလှူဒါန်းနေပြီး ဘုရားဖူးများလာရောက်၍ ဆီမီးပူဇော်နေကြသည်ကိုလည်း မြင်တွေ့ရသည်။
သီတင်းကျွတ်ကာလတွင် ထားဝယ်သူ၊ ထားဝယ်သားများ အမှတ်ရအောက်မေ့ဖွယ်အဖြစ် Dawei Watch က မှတ်တမ်းတင်ဖော်ပြပေးလိုက်ပါသည်။












