ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့တွင် တည်ရှိသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ရှင်ဆံတော် စေတီတော်၏ ယနေ့ သီတင်းကျွတ်လပြည့် (အောက်တိုဘာ ၁၇) ည ၆ နာရီခန့်မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။
ညနေပိုင်းတွင် ပတ်ဝန်းကျင်ကျေးရွာများမှ ဘုရားဖူးများဖြင့်စည်ကားခဲ့ပြီး ညပိုင်းတွင်မိုးရွာသဖြင့် မြို့ခံဘုရားဖူးအနည်းငယ်သာကျန်ကြောင်း စျေးသည်များကဆိုသည်။
အဖိတ်နေ့ နံနက်ပိုင်းတွင်မူ ထားဝယ်ဒေသမှ ရပ်ဝေးဧည့်သည်များအပြင် မွန်ပြည်နယ်မှ ရပ်ဝေးဘုရားဖူးဧည့်သည်အချို့လည်း ဘုရားဖူးလာရောက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။
ဘုရားရင်ပြင်ပေါ်တွင် ယခင်က ဂေါပကအဖွဲ့က စီစဥ်လေ့ရှိသည့် ဝတ်ရွတ်ပွဲ ၊ မီးထွန်းပွဲနှင့် မီးပုံးပျံလွှတ်ပွဲစသည့် ဘာသာရေးအခမ်းအနားများမှာမူ ကျင်းပခြင်း မရှိကြောင်း ဘုရားဖူးများထံမှ သိရသည်။
ရှင်ကိုးရှင်စာရင်းဝင် ဘုရားများဖြစ်သည့် လောင်းလုံးမြို့နယ်က ရှင်မော်တောင်ဘုရားနှင့် ထားဝယ်မြို့နယ် ၊ မောင်မယ်ရှောင်ရွာ ရှင်ဓာတ်ဝဲဘုရားကြီးတို့ မှာ စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ဧရိယာအတွင်းရှိနေသဖြင့် ယခုနှစ်တွင် ရပ်ဝေးဘုရားဖူးများ လာရောက်ဖူးမြော်ခွင့် မရပေ။
ယခင်က သီတင်းကျွတ်အဖိတ်နေ့ညတွင် ထားဝယ်မြို့က အဓိဌာန်ဝင်သူများ ၊ ဘုရားဖူးများသည် ရှင်ဆံတော် နှင့် ရှင်မော်တောင်ဘုရားများတွင် ညအိပ်လာရောက်ဖူးမြော်ပြီး လပြည့်နေ့ နံနက်တွင် အရုဏ်ဆွမ်းကပ်သည့် ဓလေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။










