ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းရှိ ဓမ္မဒီပအန်ကောကျောင်းတွင် သီတင်းကျွတ်လပြည့်နေ့ ဆီမီးပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ အောက်တိုဘာ ၁၇ ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။
ပွဲသို့ လာရောက်သူများသည် ဘုရားဆီမီးပူဇော်နိုင်သကဲ့သို့ ရဟန်းသံဃာကိုလည်း သင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။
လာရောက်သူများကိုလည်း စတုဒီသာမုန့်ဈေးတန်းပေါင်း ၅၀ နီးပါးက ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ထားဝယ်မုန့်လက်သုပ်၊ သနပ်မုန့်တီ၊ ရခိုင်မုန့်တီ၊ ရေခဲမုန့်၊ ကြက်ကြော်၊ ကြာဇံချက်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။
ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။









