BREAKING
October 18, 2024

ပုလော မီးလောင်ချောင်းရွာဝန်းကျင်တွင် တိုက်ပွဲပြင်းထန်ပြီး ခရီးသွားကားများပိတ်မိ

October 17, 2024

ပုံစာ - မြိတ်ဘက်မှ ထားဝယ်ဘက်သို့လာသည့် ကုန်ကားများ ပိတ်မိနေစဉ်။ ဓာတ်ပုံ - ယာဉ်မောင်းတစ်ဦး

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသဖြင့် ခရီးသွားကားများ ပိတ်မိနေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။

မီးလောင်ချောင်းရွာတွင် အောက်တိုဘာလ ၁၄ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်သားရာနှင့်ချီ အင်အားတိုးချဲ့ထားပြီး စစ်ကြောင်းထိုးလာသဖြင့် ယင်းနေ့ ညနေတွင်ပင် တိုက်ပွဲစတင်ဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယင်းနောက် အောက်တိုဘာလ ၁၅ရက်နေ့တွင် မီးလောင်ချောင်းရွာနှင့် ကြဲရွာကြား၌ ကားများဖြတ်သန်း၍မရတော့ဘဲ ပိတ်မိနေကြောင်း ကုန်ကားမောင်းသူများနှင့် ပိတ်မိနေသည့် ခရီးသွားအချို့က ပြောသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် မြိတ်ဘက်မှလာသည့် ကားပေါင်းရာနှင့်ချီပိတ်မိနေသလို ထားဝယ်ဘက်မှ လာသည့် ကားရာနှင့်ချီလည်း ပိတ်မိနေကြောင်း ၎င်းတို့က ပြောဆိုသည်။

မီးလောင်ချောင်းရွာသည် ထားဝယ်-မြိတ် ပြည်ထောင်စုကားလမ်းပေါ်တွင် တည်ရှိသည်။

“ဘယ်ကားမှ သွားလို့မရဘူး။ ဘိတ်(မြိတ်)ဘက်ကသွားရင် သဲပုံရွာမှာ ပိတ်ထားတယ်။ အထက် (ထားဝယ်ဘက်) က ဆင်းလာရင် ပုလောမြို့ထဲမှာ ပိတ်မိနေကြတယ်။ ထပ်ဆင်းလာရင် ထပ်များလာနိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု ကုန်ကားမောင်းသူတစ်ဦးက ပြောသည်။

ကားလမ်းပိတ်ဆို့မှု အချိန်ကြာလာပါက ဟင်းသီးဟင်းရွက်ကဲ့သို့ ကုန်စိမ်းများ ပုပ်သိုးမည့်အနေအထားရှိပြီး မြိတ်မြို့၏ ကုန်ဈေးနှုန်းကို ရိုက်ခတ်မှုရှိလာနိုင်ကြောင်း အမည်မဖော်လိုသည့် မြိတ်မြို့ခံ ယာဉ်မောင်းသူတစ်ဦးက ဆိုသည်။

တိုက်ပွဲဖြစ်နေချိန် သုံးရက်အကြာဖြစ်သည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီတပ်က ကြဲရွာတစ်ဝိုက်ရှိ ကျေးရွာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသဖြင့် မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စုလမ်းမကြီးအား အသုံးမပြုကြရန် မြိတ်ခရိုင် PDF အမှတ် (၁) တပ်ရင်းက အောက်တိုဘာလ ၁၆ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်က ဖြတ်သန်းခွင့်ပြုလာပါကလည်း အရပ်သားကားများကို အကာအကွယ်ယူကာ တိုက်ခိုက်မှုများကို လုပ်နိုင်လာနိုင်သဖြင့် ဖြတ်သန်းသွားလာခြင်း မလုပ်ကြရန် မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကလည်း တိုက်တွန်းထားသည်။