BREAKING
October 18, 2024

လောင်းလုံးနှင့်ပလတွင် မြို့ပေါ်ရပ်ကွက်များ၌ သန်းခေါင်စာရင်း မကောက်နိုင်သေး

October 17, 2024

ပုံစာ - ကော့သောင်းမြို့တွင် အောက်တိုဘာ ၆ ရက်က သန်းခေါင်စာရင်းကောက်နေစဥ်။ ဓာတ်ပုံ - ပြန်ဆက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နှင့် ပလမြို့တို့တွင် မြို့ပေါ်ရပ်ကွက်များ၌ ယနေ့ (အောက်တိုဘာ ၁၇)​ သန်းခေါင်စာရင်း မကောက်ခံနိုင်သေးကြောင်း ယင်းမြို့ခံများထံကသိရသည်။

” လောင်းလုံးမြို့ပေါ် မှာတော့ သန်းခေါင်စာရင်း အခုထိမကောက်သေးဘူး ။ သန်းခေါင်စာရင်း ကောက်ဖို့မပြောနဲ့ ရဲစခန်းထဲကနေကို မထွက်ရဲကြဘူး။ အရင်အပတ်က သဗျာဘက်မှာ ဗုံးချခံရတာလည်း သာယာကုန်း၊ကဘူရွာတွေဘက်မှာ ကောက်ဖို့ ကင်းယူထားတဲ့ စစ်သားတွေ ဒရုန်းနဲ့ဗုံးချတာ ၊ သဗျာမှာလာကောက်တာမဟုတ်ဘူး ” ဟု လောင်းလုံးဒေသခံတစ်ဦးက ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

လောင်းလုံးမြို့အောက်ဘက်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁၃ ရက်မှစ၍ စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ​ ဒေသခံများထံက သိရသည်။

ပုလောမြို့နယ် ၊ ပလမြို့တွင်လည်း မြို့ပေါ်ရပ်ကွက်များ၌ သန်းခေါင်စာရင်း ကောက်ခံနိုင်ခြင်းမရှိသေး​ကြောင်း မြို့ခံများ၏ပြောပြချက်အရသိရသည်။

” ပုလောမှာ သုံးမြို့ရှိ ၊ ပလမြို့ က လုံးဝမကောက်နိုင်ဘူး ။ ပုလောက မြို့ပေါ်ရပ်ကွက်နဲ့ ရွာတချို့ကောက်နိုင်တယ် ။ ပလောက်မှာ လည်း မြို့တစ်ခြမ်းဘက်ပဲကောက်နိုင်တယ် ” ဟု ပုလောဒေသခံတစ်ဦးကပြောသည်။

ပုလောမြို့နယ်တွင် အောက်တိုဘာလ ၁၃ ရက်ကစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး ကားလမ်းများလည်း ပိတ်နေသည်ဟု ခရီးသည်များနှင့်ယာဥ်မောင်းများကဆိုသည်။

တနင်္သာရီတိုင်းအတွင်းရှိ ကျန်မြို့နယ်များတွင်လည်း စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်နိုင်သည့်မြို့ပေါ် နှင့် ကျေးရွာအချို့တွင်သာသန်းခေါင်စာရင်း ကောက်ခံနိုင်သေးသည်ဟု ဒေသခံများထံကသိရသည်။

” သဲချောင်း ၊ သဘွတ်ချောင်းရွာတွေမှာတော့ကောက်ပြီးပြီ ။ ဇာဒီနဲ့ဖောင်းတောဘက်ကို အခုထိမရောက်လာသေးဘူး ။ မကောက်တော့ဘူးလို့တောင် ထင်နေတယ် ” ဟု ရေဖြူမြို့နယ် ဖောင်းတောရွာသား တစ်ဦးကပြောသည်။

စစ်ကောင်စီ ကလည်း အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ခံခဲ့သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံမည့်ကာလကို အောက်တိုဘာလ ၃၁ ရက်အထိ ထပ်တိုးကာ ဆက်လက်ကောက်ခံနေမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၆ ရက်ညက ကြေညာခဲ့သည်။