BREAKING
October 18, 2024

မြန်မာနှင့် တရုတ် ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံး

October 17, 2024

Freedom House အဖွဲ့က ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် လေ့လာမှုတစ်ရပ်၏အဆိုအရ မြန်မာနှင့် တရုတ်နှစ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနှစ်နိုင်ငံအဖြစ် ပူးတွဲရပ်တည်လျက်ရှိသည်။

တကမ္ဘာလုံးအတိုင်းအတာအနေဖြင့် အင်တာနက်လွတ်လပ်ခွင့်မှာ ၁၄ နှစ်ဆက်တိုက် ကျဆင်းလာနေခဲ့ကြောင်း အဆိုပါ လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာသည် ဆယ်စုနှစ်ကာလအတွင်း တရုတ်၏ အင်တာနက်လွတ်လပ်ခွင့်အဆိုးရွားဆုံးစံချိန်ကို အမီလိုက်နိုင်လာသည့် ပထမဆုံးသော နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက ၎င်းတို့နှင့် ဆန့်ကျင်သူများကို ပြင်းပြင်းထန်ထန် ဖိနှိပ်ဖြိုခွင်းလျက်ရှိသည်။ အွန်လိုင်းပေါ်မှ ရေးသားပြောဆိုမှုများကို ဂရုတစိုက်ထောက်လှမ်းစောင့်ကြည့်ပြီး စနစ်တကျပိတ်ပင်ကန့်သတ်လျက်ရှိသည်။ မြန်မာနိုင်ငံသားများ VPN အသုံးပြုနေမှုကို ပိတ်ပင်ရန် ယခုနှစ် မေလတွင် စစ်ကောင်စီ အသက်သွင်းလိုက်သည့် အစီအမံများကို Freedom House အစီရင်ခံစာတွင် ထောက်ပြထားသည်။

နိုင်ငံတော်တော်များများတွင် အင်တာနက်လွတ်လပ်ခွင့် တိုးတက်လာသည်ထက် ဆုတ်ယုတ်လာသည်ကို ပိုမြင်တွေ့လာရကြောင်း အဆိုပါ အစီရင်ခံစာက ဆိုသည်။ အင်တာနက်လွတ်လပ်ခွင့် အကြီးမားဆုံး ကျဆင်းသွားခဲ့သည့် နိုင်ငံမှာ ကာဇက်စတန်နိုင်ငံဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အင်တနက်လွတ်လပ်ခွင့် အများဆုံးရလာသည့် နိုင်ငံမှာ ဇမ်ဘီယာနိုင်ငံဖြစ်ပြီး အွန်လိုင်နိုင်ငံရေးတက်ကြွလှုပ်ရှားမှုများ ပိုမိုလွတ်လပ်ခွင့် ပိုပိုရလာနေသည်။

ကမ္ဘာပေါ်တွင် အင်တာနက်လွတ်လပ်ခွင့်အရှိဆုံးနိုင်ငံအဖြစ် အိုက်စလန်နိုင်ငံက ရပ်တည်နေပြီး ၎င်းနောက်တွင် အက်စတိုနီးယား၊ ကနေဒါ၊ ချီလီ၊ ကော်စတာရီကာနိုင်ငံတို့ အသီးသီးရှိနေကြသည်။

Ref: CNA