BREAKING
October 18, 2024

ဝဥ တူးဖော်ရောင်းချသူနည်းလာ

October 17, 2024

ဝဥဈေးဆက်တိုက်ကျလာသောကြောင့် ထားဝယ်ခရိုင်တွင် ဝဥ (အစို) တူးဖော်ရောင်းချသူ နည်းလာကြောင်း ဝဥတူဖော်ရောင်းချသည့် တောင်သူအချို့က ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်က သဗျာကျေးရွာက ပွဲရုံတစ်ခုတွင် ဝဥ တစ်ပိဿာလျှင် နှစ်ထောင်ကျပ်ဖြင့် ပိဿာချိန် နှစ်ရာ သွားရောင်းရာတွင် ဝဥတူးခ၊ သယ်ခ၊ ကားခများ နုတ်ပါက တစ်ပိဿာလျှင် ၁၅၀၀ ကျပ်ခန့်သာ ကျန်ကြောင်း ထားဝယ် အရှေ့တောဒေသ ဝကုန်းကျေးရွာက ဥယျာဉ်ခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ပိဿာကို ၁၅၀၀ လောက်ပဲ ကျန်တယ်ဆိုတော့ ဆက်မတူးတော့ဘူး။ အချိန် ၁၀၀ လောက်တော့ ကျန်ဦးမယ်၊ အလုပ်သမားခ၊ တူးခ၊ သယ်ခကားခတွေ နုတ်လိုက်ရင် ဘာမှမကျန်တော့ဘူး” ဟု ၎င်းက ဆိုသည်။

ဝဥကို ပေါက်တူး၊ သံတူရွင်းတို့ဖြင့် ပင်ပင်ပန်းပန်းတူးဖော်ရပြီး ဥယျာဉ်ရှိရာ တောတောင်ထဲက လူဖြင့် ထမ်းထုတ်ရခြင်းရှိသလို အချို့မှာ တောထဲမှ ဆိုင်ကယ်ဖြင့် အိမ်သို့ သယ်ထုတ်ကြသည်။

အပင်ပန်းခံ တူးဖော်ရ၊ သယ်ယူရတာသည်နှင့်နှိုင်းစာလျှင် တစ်ပိဿာ ၁၆၀၀ ကျပ်မှာ မကိုက်သဖြင့် အောက်တိုဘာလတွင် တူးဖော် မရောင်းကြတော့ခြင်းဖြစ်ကြောင်း ဝဥတူးဖော်ရောင်းချသူတို့က ဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဝင်းကဖော်ကျေးရွာက ဝဥ တူးဖော်ရောင်းချသည့် လူငယ် အမျိုးသမီးကလည်း ဝဥ တစ်ပိဿာကို ၁၆၀၀ ကျပ်ဖြင့် လိုက်လံဝယ်ယူနေသည်ကိုတွေ့ရသော်လည်း ဈေးနည်းသဖြင့် ၎င်းတို့ရွာတွင် တူးဖော်ရောင်းချသူ မတွေ့ရကြောင်း ပြောဆိုသည်။

“ကျွန်မတို့အိမ်မှာ ပထမအသုတ်ရောင်းတုန်းက တစ်ပိဿာ ၂၈၀၀ ရတယ်။ အခုက ၁၆၀၀ ဆိုတော့ ဘယ်သူမှ တူးရောင်း ကြတာ မတွေ့ဘူး။ အလေ့ကျပေါက်တာကို တူးရောင်းကြတာဆိုတော့ အလုပ်သမားသီးသန့်ငှားမနေဘူး။ ကိုယ့်ဘာသာပဲ တူးကြတယ်။ ၁၆၀၀ ဆိုတော့ တူးရမှာနဲ့ တောထဲကနေ ထမ်းထုတ်ရမှာနဲ့ ဈေးနည်းလို့ထင်တယ် ဘယ်သူမှ တူးမရောင်း ကြဘူး” ဟု ၎င်းက ပြောသည်။

ဩဂုတ်လတွင် တစ်ပိဿာလျှင် ကျပ် ၁၈၀၀ စျေးရှိရာမှ တဖြေးဖြေးဈေးတက်လာပြီး စက်တင်ဘာလဆန်းတွင် တရုတ်ပြည်ကို တင်ပို့ရနေသဖြင့် ၃၂၀၀မှ ၃၅၀၀ ကျပ်အထိ စျေးတက်ခဲ့ကြောင်း စျေးကွက်အတွင်းမှ သိရသည်။

စက်တင်ဘာလ နောက်ဆုံးအပတ်တွင် တရုတ်နိုင်ငံဘက်က ဝဥကုန်အဝင် ပိတ်လိုက်သဖြင့် စျေးကျဆင်းပြီး တစ်ပိဿာလျှင် ၂၂၀၀-၂၅၀၀ ကျပ်ဖြစ်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ယခု အောက်တိုဘာလဆန်းတွင် မြေပြင်ဝယ်လက်ပေးဝယ်သည့်ဈေးမှာ တစ်ပိဿလျှင် ၁၆၀၀ ကျပ်ဖြစ်ပြီး ပွဲရုံဈေးမှာ ၂၀၀၀ ကျပ်၊ စက်ရုံတိုက်ရိုက်ဈေးမှာ တပိသာ ၂၂၀၀ ကျပ်သာရှိကြောင်း စုံစမ်းသိရှိရသည်။

“မြေပြင်မှာ ဝယ်ရတဲ့ဈေးနဲ့ ပွဲရုံကပေးတဲ့ဈေးမကိုက်လို့ အစ်မတော့ (မဝယ်တော့ဘဲ) နားထားတာကြာပြီ၊ အရှေ့တောက တောင်သူတွေလည်း တူးမရောင်းကြတော့ဘူး” ဟု ပကာရီကျေးရွာက ဝဥအဝယ်တော် အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်နိုင်ငံကို တင်ပို့၍ မရသေးသဖြင့် ဝဥဈေးကျနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ဝဥလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌလည်းဖြစ်၊ မော်လမြိုင်မြို့က ဝဥ စက်ရုံပိုင်ရှင်လည်းဖြစ်သူ စက်ရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိက တင်ပို့လို့မရဘူး။ တင်ပို့လို့မရလို့ ဈေးနှုန်းတွေက အဲဒီလောက်ဖြစ်နေတာ။ အဝယ်တော့ မရပ်ထားဘူး။ ဒါပေမဲ့ ကိုယ့်ဖောက်သည်တွေလောက်ပဲ ကိုယ်ဝယ်နိုင်တယ်” ဟု ၎င်းက ပြောဆိုသည်။

တရုတ်နိုင်ငံသို့ ဝဥ တရားဝင်တင်ပို့ခွင့်ရရှိစေရန် စိုက်ပျိုးရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဝဥလုပ်ငန်းရှင်များအသင်းတို့ အောက်တိုဘာ ၁၉ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။

တရုတ်နိုင်ငံသို့ ဝဥ တရားဝင်တင်ပို့ရောင်းချခွင့်ရရှိပါက ဝဥဈေးကောင်းရလာမည်ဖြစ်ပြီး သီးသန့်စိုက်ပျိုးထုတ်လုပ် သူလည်း များလာမည်ဖြစ်ကြောင်း အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောဆိုသည်။