BREAKING
October 18, 2024

ထားဝယ်ဒေသတွင် ရှင်မာလဲ၊ ဝေဿန္တရာဇာတ်တော်ကြီးများ အစဉ်လာမပျက်ရွတ်ဖတ်ပူဇော်

October 17, 2024

ဓာတ်ပုံ - Dawei Watch

ထားဝယ်ဒေသတွင် သီတင်းကျွတ်ကာလ ရွတ်ဖတ်ပူဇော်လေ့ရှိသည့် ရှင်မာလဲ၊ ဝေဿန္တရာဇာတ်တော် ပေစာတွဲများ ရွတ်ဖတ်သည့် ဓလေ့ကို ယခုနှစ် သီတင်းကျွတ်ကာလတွင်လည်း အစဥ်အလာမပျက်ကျင်းပရွတ်ဖတ်လျက်ရှိသည်။

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာ၊ ရေဖြူမြို့နယ် ကောင်းမှုရွာနှင့် ဇာဒီရွာတို့တွင် ယခုနှစ်ကျင်းပသည့် ဝေဿန္တရာ ပေစာတွဲ ရွတ်ဖတ်ပူဇော်ပွဲကိုအောက်တိုဘာလ ၁၆ရက်နှင့် ၁၇ရက်တို့တွင်ကျင်းပနေကြောင်း ကျင်းပသူများထံမှ သိရသည်။

အဖိတ်နေ့ (သီတင်းကျွတ်လဆန်း ၁၄ရက်) မှ လပြည့်နေ့အထိ ရွတ်ဖတ်ပူဇော်လေ့ရှိကြသည်။

ညောင်ဇင်ရွာ၏ ရှင်မာလဲ၊ ဝေဿန္တရာဇာတ်တော် ရွတ်ဖတ်ပူဇော်ပွဲသည် နှစ်ပေါင်း ၈၀နီးပါးသက်တမ်းရှိပြီး ရွတ်ဖတ်ရာတွင် အလှည့်ကျဆရာတော်များက ရွတ်ဖတ်ပူဇော်ကြသည်။

ကောင်းမှုရွာတွင်မူ အဖိတ်နေ့မတိုင်မီ ရှင်မာလဲဝတ္ထုကို အမျိုးသားဖတ်၍ အဖိတ်နေ့တွင် ဝေဿန္တရာဇာတ်တော်နှင့် လပြည့်နေ့တွင် ဗုဒ္ဓဝင်စာအုပ်တို့ကို အမျိုးသမီးများက ရွတ်ဖတ်ပူဇော်ကြသည်။

ယခုနှစ် ဇွန်လနှင့် ဇူလိုင်လက စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းခံရ၍ ရွာသားအများစု ထွက်ပြေးတိမ်းရှောင်နေရ သည့် ဇာဒီရွာတွင်လည်း ကျေးရွာတွင် ကျန်ရှိသူအချို့က ယခုနှစ်တွင် အစဥ်အလာမပျက် ရှင်မာလဲ၊ ဝေဿန္တရာ ဇာတ်တော်ရွတ်ဖတ်ခြင်းနှင့် ရှင်မာလဲအားရည်စူး၍ ကြာပန်းလှူခြင်းတို့ကို ပြုလုပ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ရသည့် ရည်ရွယ်ချက်ကို ရွတ်ဖတ်ရာတွင် ဦးဆောင်ပါဝင်သည့် ညောင်ဇင်ရွာမှ အရှင်ဓမ္မိကက “ရှင်မာလဲ ဝတ္ထုထဲမှာပါတဲ့အတိုင်း နောက်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်ကို ဖူးခွင့်ရပြီး ကျွတ်တန်းဝင်ဖို့ ဂါထာတစ်ထောင်ပါတဲ့ ဝေဿန္တရာဇာတ်တော်ကြီးကို ပူဇော်ကြတာပါ” ဟု မိန့်ကြားသည်။

ညောင်ဇင်ရွာတွင် ရွတ်ဖတ်သည့် ဝေဿန္တရာဇာတ်တော်ကြီးသည် ရှေးဆရာတော်အစဥ်အဆက်ထိန်းသိမ်းခဲ့သည့် ပေလွှာမူအတိုင်း ရှင်မာလဲ နှင့် ဝေဿန္တရာ အတွဲ ၁၄ တွဲ၊ ဂါထာတစ်ထောင်ပါသည့် ပေစာဖြင့် ရွတ်ဖတ်ပူဖော်ခြင်း ဖြစ်ကြောင်း အရှင်ဓမ္မိက မိန့်သည်။

သီတင်းကျွတ်ကာလတွင် ရွတ်ဖတ်ရခြင်းမှာ ယခင်က အဘိဓမ္မာနှင့်အတူ ယှဥ်တွဲပူဇော်သည့် ဓလေ့ရှိခဲ့သဖြင့် ရှေးအစဥ်အလာအတိုင်း ရွတ်ဖတ်ကြခြင်းဖြစ်ကြောင်း ဆက်လက်မိန့်ကြားသည်။

ရှင်မာလဲ၊ ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ရာတွင်လည်း ရွတ်ဖတ်မည့်ပုဂ္ဂိုလ်ထိုင်မည့်နေရာအား ဝေဿန္တရာဇာတ်တော် လာအရ ဝေဿန္တရာမင်းကြီးက ဆင်ဖြူတော်ကိုလှူလိုက်၍ တိုင်းပြည်မှ နှင်ခံရသဖြင့်ဝင်္ကပါတောင်ခြေတွင် နေထိုင်ရသည့် ကျောင်းသင်္ခမ်းနှင့် တောဥယျာဥ်ပုံစံကဲ့သို့ ပြင်ဆင်ရွတ်ဖတ်ကြသည်ကို တွေ့ရသည်။

ဝေဿန္တရာဇာတ်တော်ရွတ်ဖတ်ခြင်းကို လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ကိုဗစ်မတိုင်မီက ပြုလုပ်လေ့ရှိသော်လည်း ယခုတွင်ကျင်းပမှု အစဥ်အလာ ပျောက်နေပြီဖြစ်ကြောင်း လောင်းလုံးဒေသခံတစ်ဦးကပြောသည်။

ဝင်္ကပါတောင်ခြေကိုအစွဲပြု ပုံစံယူ၍ ကိုဗစ်မတိုင်မီက ထားဝယ်ဒေသတွင် သီတင်းကျွတ် ကာလ မီးဝင်္ကပါပွဲများ ကျင်းပလေ့ရှိသော်လည်း ကိုဗစ်နောက်ပိုင်းတွင်ပြန်ကျင်းပသည်ကို မတွေ့ရတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရပ်ရွာအလိုက် ဆွမ်းတော်ကြီးတင်ပွဲများကိုမူ အစဥ်အလာမပျက်ဆက်လက်ကျင်းပနေကြသေးကြောင်း ထားဝယ်မြို့ခံများနှင့် ဒေသခံတို့ထံမှ သိရသည်။

ရှင်မာလဲ မထေရ် ပူဇော်ခြင်းနှင့် ဝေဿန္တရာဇာတ်တော်ဖတ်ခြင်းတို့ကို မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင်လည်း ဝါခေါင်လနှင့်တန်ဆောင်မုန်းလများတွင် ကျင်းပလေ့ရှိသည်။