အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲခံထားရသော နိုင်ငံရေးအကျဉ်းသူတစ်ဦးကို ထားဝယ်ခရိုင် တရားရုံးက ထောင်ဒဏ် ၃၂နှစ် ထပ်မံချမှတ်လိုက်ပြီး စုစုပေါင်းထောင်ဒဏ် ၄၄နှစ်အထိ ရှိလာကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။
ပြစ်ဒဏ်ချမှတ်ခံရသည့် နိုင်ငံရေးအကျဉ်းသူမှာ မယဉ်ယဉ်ချိုဖြစ်ပြီး ထားဝယ်ထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသူ များထဲတွင် အမြင့်ဆုံးထောင်ဒဏ်ချခံထားရသူဖြစ်ကြောင်း DPPN အဖွဲ့ဝင်တစ်ဦးက ပြောသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ ခုဖြင့် တရားစွဲခံထားရခြင်းဖြစ်ပြီး ယင်းအနက် တော်လှန်ရေးအဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဆိုကာ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ကို ယခုနှစ် မေလတွင် ချမှတ်ခံရကြောင်း DPPN ထံမှ သိရသည်။
ကျန်ရှိသော အမှု ၄ မှုအတွက် ယခု အောက်တိုဘာလ ဒုတိယအပတ်တွင် ထောင်ဒဏ် ၃၂ နှစ် ထပ်မံချမှတ်ခံရကြောင်း အထက်ပါအဖွဲ့ဝင်က ဆိုသည်။
ယခုလအတွင်း ပြစ်ဒဏ်ချရာတွင်လည်း ပုဒ်မ ၅၀ (ည) အတွက် ထောင်ဒဏ် ၁၀ နှစ် ထပ်မံပါဝင်ပြီး ပုဒ်မ ၅၁ နှင့် ၅၂ တို့အတွက် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၅၄အတွက် ထောင်ဒဏ် ၁၂ နှစ် စုစုပေါင်း ၃၂နှစ် ချမှတ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
မယဉ်ယဉ်ချိုနှင့် မိသားစုဝင်များကို ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က ထားဝယ်မြို့ အနောက်ရပ်ရှိ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၎င်းနှင့် မောင်ဖြစ်သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် တရားစွဲပြီး ပြစ်ဒဏ်များချမှတ်ခဲ့သည်။
မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းသည်လည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုဖြင့် ထောင်ဒဏ် ၂၂ နှစ် အမိန့်ချမှတ်ခံထားရသည်။
တနင်္သာရီတိုင်းအတွင်း အမိန့်ချမှတ်လိုက်သော အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ်တစ်သက်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဧပြီလ ၂၆ ရက်နေ့တွင် ထားဝယ်ထောင်တွင်းတရားရုံးက ဦးစောရွှေနှင့် ဦးစိုးမင်းထွေးတို့ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိထားဝယ်အကျဉ်းထောင်တွင် အကျဉ်းသားတစ်ထောင်ကျော်ရှိပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား ၄၀၀ ခန့်ရှိကြောင်း DPPN ၏စာရင်းများအရ သိရသည်။