BREAKING
December 26, 2024

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် မနက်ဖြန် အစ္စရေးသွားမည်

October 17, 2023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အစ္စရေးနှင့် အာရပ်ခေါင်းဆောင်များကို တွေ့ဆုံရန်အတွက် မနက်ဖြန် (အောက်တိုဘာ ၁၈) တွင် အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ကြေညာထားသည်။

ဂါဇာဒေသတွင် လူသားချင်းစာနာမှုအခြေအနေများ သေရေးရှင်ရေး ပြင်းထန်လာချိန်၊ အစ္စရေးကလည်း မြေပြင်ထိုးစစ်ပြင်ဆင်နေချိန်တွင် အမေရိကန်က အစ္စရေးနှင့်အတူ ရပ်တည်ကြောင်း ပြသရန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို လာရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး အင်တိုနီ ဘလင်ကန်က ကြေညာခဲ့သည်။

ထိုကြေညာချက်သည် အစ္စရေးဝန်ကြီးချုပ်အပါအဝင် အရာရှိများနှင့် ၇ နာရီကျော်အကြာ စကားပြောဆိုပြီးနောက် သမ္မတဂျိုးဘိုင်ဒင်၏ ကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“အစ္စရေးအတွက်ရော ဒေသအတွက်ရော ကမ္ဘာကြီးအတွက်ရော အကျပ်အတည်းတွေ ရှိနေချိန်မှာ သူဒီကိုလာမယ်” ဟု ဘလင်ကန်က ပြောကြားခဲ့သည်။

နောက် ဂျော်ဒန်နိုင်ငံသို့ သွားကာ ဘုရင် Abdullah II ၊ အီဂျစ်သမ္မတ၊ ပါလက်စတိုင်းသမ္မတတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဂါဇာဒေသက ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းမည်ဟု အောက်တိုဘာ ၁၅ ရက်နေ့ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ဟားမတ်စ်တွေက ကျွန်​တော်တို့ကို ဖျက်ဆီးနိုင်မယ်လို့ ထင်ထားကြပေမဲ့ ဟားမတ်စ်တွေကို ချေမှုန်းသွားမှာက ကျွန်​တော်တို့ပဲ” ဟု ဝန်ကြီးချုပ်က ဆိုခဲ့သည်။

နောက် ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်စတင်တိုက်ခိုက်ရန် အစ္စရေးတပ်ဖွဲ့ဝင် ၃ သိန်းခန့်အထိ နယ်စပ်တွင် ပြင်ဆင်နေပြီး စစ်ဘက်သုံး လက်နက်ပစ္စည်းများကိုလည်း ‌အစ္စရေးတောင်ပိုင်း နယ်စပ်သို့ ရွှေ့ပြောင်းနေခဲ့သည်။

သို့သော်လည်း အစ္စရေးဘက်က ဂါဇာကို ဘယ်အချိန် ထိုးစစ်စတင်မည်နှင့် အသေးစိတ်အခြေအနေကို ပြောကြားထားခြင်း မရှိပေ။

ဟားမတ်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကတော့ မြေပြင်ထိုးစစ်စတင်မည့် အစ္စရေး၏ ခြိမ်းခြောက်မှုကို “မကြောက်နဲ့။ ငါတို့ အဆင်သင့်ပြင်ထားတယ်” ဟု ပြန်လည်တုံ့ပြန်ထားသည်။

ဂါဇာမြောက်ပိုင်းတွင် နေထိုင်သော လူဦးရေ ၁ သိန်းကျော်ကိုလည်း တောင်ပိုင်းကို ရွှေ့ပြောင်းရန် အစ္စရေးဘက်က သတိပေးထားပြီး ပြည်သူများကလည်း ယာဉ်ကြီး ယာဉ်ငယ် ခြေကျင်ခရီးဖြင့် တောင်ပိုင်း အီဂျစ်နယ်စပ်အထိ ထွက်ပြေးတိမ်းရှောင်နေခဲ့သည်။

မြောက်ပိုင်းက ထွက်ပြေးလာသူများကြောင့် လူဦးရေ ၄ သိန်းကျော်ရှိသော ဂါဇာတောင်ပိုင်း ခန်ယွန်းနစ်မြို့ကလည်း နေ့ချင်းညချင်း လူ ၁ သန်းကျော်သွားခဲ့သဖြင့် ရေနှင့် အစားအစာပြတ်လတ်သည်အထိ ကြုံတွေ့နေခဲ့ရကြောင်း နေထိုင်သူများက ပြောကြားခဲ့သည်။

ဂါဇာတောင်ပိုင်းက အီဂျစ်နယ်စပ် ရာဖာနယ်စပ်ဂိတ်တွင်လည်း ပါလက်စတိုင်း ထောင်ချီ နယ်စပ်ဖြတ်ကျော်ထွက်ပြေးနိုင်ရန် လာရောက်စောင့်ဆိုင်းနေသော်လည်း အီဂျစ်ဘက်က နယ်စပ်ကို ပိတ်ထားဆဲဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်ညကလည်း ရာဖာနယ်စပ်ဂိတ်နားကို အစ္စရေးဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နယ်စပ်ဂိတ်ရောက်နေသူများ ကြောက်ရွံ့ခဲ့ရပြီး ဂါဇာ၏ ဘယ်နေရာကမှ လုံခြုံမှုမရှိကြောင်း ပြည်သူတစ်ဦးက BBC ကို ပြောကြားခဲ့သည်။

အဆိုပါဗုံးကြဲမှုကြောင့် ရာဖာနယ်စပ်ဂိတ်အနီးက ပြည်သူ ၂၅ ဦး သေဆုံးခဲ့ပြီး ခန်ယွန်းနစ်မြို့ကလည်း အနည်းဆုံး ၁၇ ဦး‌သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းဘက်က ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆယ်ရက်ကြာလာပြီဖြစ်သောတိုက်ပွဲကြောင့် အစ္စရေးဘက်တွင် သေဆုံးသူ ၁၄၀၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိခဲ့ကာ ဟားမတ်စ်အဖွဲ့၏ ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ ၁၉၉ ဦးရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာဒေသကို လေကြောင်းပြန်လည်တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၇၀၀ ကျော် ရှိလာခဲ့ပြီး ဒဏ်ရာရသူ ၁၀၀၀၀ ကျော်ရှိလာခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။

တိုက်ပွဲကြောင့် ဂါဇာတွင် ပါလက်စတိုင်း ၆၀၀၀၀၀ ကျော် နေရပ်တိမ်းရှောင်ခဲ့ရပြီး ၁၀၀၀၀၀ ကျော်က တိမ်းရှောင်ရန် ငြင်းဆန်နေဆဲဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

Ref: The Guardian, AP, NDTV, REUTERS, The Hindu