ကိုဗစ်ကာလအတွင်း ထားဝယ်စာတိုက်မှတစ်ဆင့် ပစ္စည်းပို့သူ များပြားနေသဖြင့် ဝန်နှင့်အားမမျှဘဲဖြစ်နေကြောင်း ယင်းစာတိုက်ဝန်ထမ်းများက ဖွင့်ဟကြသည်။
အောက်တိုဘာလ ၁ ရက်က ထားဝယ်စာတိုက်ကို သွားကြည့်ခဲ့ရာ တစ်ရုံးလုံးနီးပါးတွင် ပစ္စည်းများဖြင့် ပြည့်နေသည်ကို တွေ့ခဲ့ရသည်။ ပုံမှန်အားဖြင့် ထားဝယ်စာတိုက်တွင် ယင်းကဲ့သို့ ပစ္စည်းများ များပြားလေ့မရှိပေ။
“လူနှစ်ဆယ်လုပ်ရမယ့် အလုပ်ကို လူခြောက်ယောက်တည်းက လုပ်နေရတယ်” ဟု ဝန်ထမ်းတစ်ဦးကဆိုသည်။
ယင်းကဲ့သို့ ပစ္စည်းပို့သူများပြားသဖြင့် လက်မလည်အောင်အလုပ်လုပ်နေရ သည်မှာ ကိုဗစ်ရောဂါစတင်ဖြစ်ပွားသည့် မတ်လကတည်းကဖြစ်ကြောင်း ဝန်ထမ်းတစ်ဦးက ပြောသည်။
ထားဝယ်မှနေပို့သည့် ပစ္စည်းမှာ နည်းပါးပြီး အခြားမြို့များမှ ထားဝယ်သို့ ပို့လာသည့် ပစ္စည်းက ဆယ်ဆခန့်ပိုများကြောင်း ထားဝယ်စာတိုက်ဝန်ထမ်းတစ် ဦးက ရှင်းပြသည်။
တနင်္သာရီတိုင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းဒေသကြီးရုံးမှ တာဝန်ခံအရာရှိ ဦးအောင်မြင့်ထွန်းကလည်း ပစ္စည်းပို့သူအရေအတွက်သည် ကိုဗစ် ကပ်ဘေးမတိုင်ခင်ကထက် နှစ်ဆဖြစ်လာကြောင်း ပြောသည်။
“အခုကျတော့ ကားလည်းမရှိ၊ လှေလည်း မရှိတဲ့အခါကျတော့ အားကိုး စရာက မြန်မာ့စာတိုက်လုပ်ငန်းတစ်ခုပဲရှိတဲ့အခါကျတော့ ပြည်သူတွေ ပိုမိုပြီးတော့ သုံးစွဲလာကြပါတယ်” ဟု ၎င်းက ဆိုသည်။
ထားဝယ်စာတိုက်ဝန်ထမ်းများက ဝန်ထမ်း ခြောက်ဦးဖြင့် အလုပ်များကို ပိတ်ရက်မရှိလုပ်နေရသည်ဟုဆိုသော်လည်း ဦးအောင်မြင့်ထွန်းကမူ ဝန်ထမ်း ၁၃ ဦးရှိသည်ဟု ဆိုသည်။
ထားဝယ်စာတိုက်ကဲ့သို့ပင် မြိတ် နှင့်ကော့သောင်းခရိုင်ရှိ စာတိုက်များတွင်လည်း ကိုဗစ်ကာလအတွင်း ပစ္စည်းပို့သူများ များပြားလာနေကြောင်း ၎င်းက ပြောသည်။
ယခင်က မြန်မာ့စာတိုက်လုပ်ငန်းသည် စာပို့သည့်ဝန်ဆောင်မှုတစ်ခုကိုသာ လုပ်ကိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် အွန်လိုင်းဈေးရောင်းသူများ၏ ပစ္စည်းများ၊ နိုင်ငံခြားသို့ ပစ္စည်းပို့သည့် ဝန်ဆောင်မှုများ စသည်တို့ကို ထပ်တိုး ဝန်ဆောင်မှု ပေးလာခဲ့သည်။
“အခုလက်ရှိ လုပ်ငန်းပမာဏနဲ့ဆိုရင်တော့ လူအင်အားကတော့ မနိုင်မနင်းတော့ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ အတတ်နိုင်ဆုံးတော့ ကြိုးစားဆောင် ရွက်ပေးနေပါတယ်” ဟု ဦးအောင်မြင့်ထွန်း က ပြောသည်။
မြန်မာ့စာတိုက်လုပ်ငန်းမှ ပစ္စည်းပို့ မည်ဆိုပါက အနည်းဆုံး ဝ ဒသမ ၅ ကီလိုဂရမ်မှ ၁၀ ကီလိုဂရမ်အထိ ပို့နိုင်သည်။
အမြန်ချောဖြင့်ပို့မည်ဆိုပါက ဝ ဒသမ ၅ ကီလိုဂရမ်ကို တစ်ထောင်ကျပ် ကျသင့်မည်ဖြစ်သည်။
ကျော်သူစိုး