BREAKING
September 19, 2024

အာဆီယံအဖွဲ့ဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်၏ အဆိုပြုချက် မလေးရှား ထောက်ခံ

September 17, 2024

အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အဆိုပြုချက်ကို မလေးရှားနိုင်ငံက အပြည့်အဝထောက်ခံမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Haznah Md Hashim က ပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဒါကာမြို့တော်ရှိ Bangladesh Institute of International and Strategic Studies(BIISS) တက္ကသိုလ်တွင် ‘ဘင်္ဂလားဒေ့ရှ်-မလေးရှား ဆက်ဆံရေး: ကြွယ်ဝမှုဆီ ချီတက်ခြင်း’ ဆိုသည့် ခေါင်းစဉ်ဖြင့် သူမက ဆွေးနွေးပို့ချချိန်တွင် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“လာမယ့်နှစ်မှာ မလေးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်လိမ့်မယ်။ နိုင်ငံတစ်ခုအနေနဲ့ ကျွန်မတို့မှာ ဒီကိစ္စ အပေါ်မှာ သဘောထားပေးခွင့် ရှိပြီးသားလည်း ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြည့်ပြည့်ဝဝ ထောက်ခံအားပေးလျက်ရှိပါတယ်”ဟု မလေးရှား သံအမတ်က ပြောဆိုခဲ့သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဘင်္ဂလားဒေ့ရှ် ပါဝင်ရေးကိစ္စကို မကြာသေးခင်ကပင် ဘင်္ဂလားဒေ့ရှ်အစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် မိုဟာမက်ယူနွတ်က စတင်မိတ်ဆက်လာခဲ့ကြောင်း သူမက ပြောသည်။

“အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘုံသဘောတူညီချက်နဲ့ အလုပ်လုပ်တယ်။ အဖွဲ့ရဲ့ မူဝါဒအရ အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံစလုံးဟာ တူညီတဲ့ အဆင့်အတန်းရှိတယ်။ စဉ်းစားချက်တစ်ခု၊ အရေးကိစ္စတစ်ခုကို ဘယ်နိုင်ငံကမှ လျစ်လျူရှုပယ်ချခွင့် မရှိဘူး။ ဒါကြောင့် မိတ်ဆွေတစ်ယောက်အနေနဲ့ မလေးရှားဟာ တနေ့မှာ တံခါးတွေ ပွင့်လာလိမ့်မယ်ဆိုတာ ပြောနိုင်ပါတယ်” လို့ မလေးရှား သံအမတ်က ဖြည့်စွက်ပြောကြားခဲ့သည်။

သူမ၏ ဆွေးနွေးပို့ချချက်တွင် Haznah က မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြားတွင် လွတ်လပ်သည့် ကုန်သွယ်မှုသဘောတူညီချက်တစ်ခု ဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာနိုင်ကြောင်းကိုပါ ပြောဆိုခဲ့သည်။

ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်၍ ဖြေရှင်းချက်နည်းလမ်းတစ်ခုရရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို မလေးရှားနိုင်ငံက အပြည့်အဝအားပေးထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref: The Daily Star