BREAKING
September 19, 2024

စစ်ကောင်စီတပ်က ညောပြင်နှင့်အောက်ကျောက်ဝပ်ရွာတို့တွင် နေအိမ်များမီးရှို့

September 17, 2024

လောင်းလုံးမြို့နယ် ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတို့ထံမှသိရသည်။

ယနေ့ (စက်တင်ဘာ ၁၇) နံနက် ၉ နာရီကျော်အချိန်တွင် အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကျောက်နီမော်ရွာ ပျူစောထီးစခန်းမှ ညောပြင်ရွာသို့ ရောက်ရှိလာကြောင်း ဒေသခံတို့က ပြောသည်။

ညောပြင်ရွာထဲရောက်လာသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး နေအိမ်များကို မွှေနှောက်ရိုက်ဖျက်ခဲ့ကြောင်း ဆိုသည်။

ယင်းနောက် ၁၁ နာရီကျော်အချိန်တွင် နေအိမ်နှစ်ဆောင်ကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတို့က ပြောသည်။

“ကမ်းနားဖက်မှာကတစ်အိမ်၊ တံတားနားမှာတစ်အိမ် မီးရှို့လိုက်ကြတယ်။ ဘယ်သူ့အိမ်ဆိုတာတော့ တိတိကျကျမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။

ညောပြင်ရွာရှိ နေအိမ်နှစ်ဆောင်ကို မီးရှို့ပြီးနောက် စစ်ကောင်စီတပ်သည် အောက်ကျောက်ဝပ်ရွာဖက်သို့ ထွက်ခွာသွားပြီး ရွာထဲမီးရှို့နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

“အခုရွာထဲကနေမီးခိုးလုံးတွေ တက်‌လာနေတာ မြင်နေရတယ်” ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ယနေ့ညနေ ၅ နာရီအချိန်တွင် ပြောဆိုသည်။

ဒေသခံတစ်ဦးကိုလည်း ဖမ်းဆီးထားသည်ဟု ကနဦးသတင်းရထားသည်။

စက်တင်ဘာလ ၁၆ ရက်ကလည်း စစ်ကောင်စီတပ်က ညောပြင်ရွာကို ဒရုန်းဖြင့်‌ ဗုံးချတိုက်ခိုက်ခဲ့သေးသည်။

စက်တင်ဘာလ ၉ ရက်က ကျောက်နီမော်ရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် အနီးနားကျေးရွာများဖြစ်သည့် ဇလွတ်၊ အောက်ကျောက်ဝပ်၊ ညောပြင် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်း၊ ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခြင်းတို့ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်က ထိုသို့ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ရွာထဲလူမရှိသည့် နေအိမ်များမှ အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီတပ်က အဓမ္မယူဆောင်နေကြသည်။

ယခင်ကလည်း ညောပြင်ရွာနှင့် အောက်ကျောက်ဝပ်ရွာကို စစ်ကောင်စီတပ်က အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်ရာချီပျက်စီးခဲ့သည်။