BREAKING
September 19, 2024

ထိုင်းမြောက်ပိုင်း ရေကြီးမှုတွင် ထိုင်းမိသားစုကိုကယ်တင်သော မြန်မာများကို သူရဲကောင်းများဟုချီးကျူး

September 17, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရေကြီးမှုတွင် လူကြီးများအပါအဝင် ထိုင်းမိသားစုတစ်စုကို ရေစီးသန်နေ သည့်ကြားက ကူညီကယ်ဆယ်ပေးခဲ့သော မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသားများနှင့် ထိုင်းသတင်းဌာနများက သူရဲကောင်းများအဖြစ် တင်စားခေါ်ဆိုခဲ့ကြသည်။

မယ်ဆိုင်မြို့ ရပ်ကွက်တစ်ခုတွင် ရေကြီးနေသဖြင့် အိမ်ထဲ ပိတ်မိနေသော ထိုင်းနိုင်ငံသား မိသားစုတစ်စုကို မြန်မာနိုင်ငံသား လူငယ်တစ်စုက ကယ်ဆယ်ရေးပြုလုပ်နေသည်ကို အဆိုပါ မိသားစုဝင်တစ်ဦးက ရုပ်သံမှတ်တမ်းရိုက်ယူပြီး ပြီးခဲ့သော စက်တင်ဘာ ၁၂ ရက်နေ့က Tiktok တွင် မျှဝေခဲ့သည်။

ရုပ်သံမှတ်တမ်းသည် ထိုင်းနိုင်ငံသားများကြား ပျံ့နှံ့သွားခဲ့ပြီး မြန်မာနိုင်ငံသားများ၏ ကူညီကယ်ဆယ်ပေးမှုကို ထိုင်းနိုင်ငံသားများ အပါအဝင် ထိုင်းသတင်းဌာနများကပါ သူရဲကောင်းများအဖြစ် တင်စားခေါ်ဝေါ်ခဲ့ကြပြီး ချီးကျူးထားသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံသားများသည် အသက်ကြီးပိုင်းများ အပါအဝင် သူမ၏ မိသားစုကို ကယ်တင်ပေးခဲ့သော ကယ်တင်ရှင် သူရဲကောင်းများဖြစ်ကြောင်း အဆိုပါမိသားစုဝင်တစ်ဦးက Tiktok တွင် ရေးသား ဖော်ပြထားသည်။

ရေစီးသန်နေချိန် ၎င်းတို့၏ မိသားစုကို ပစ်မသွားဘဲ ကယ်တင်ခဲ့သည့်အပြင် အစားအသောက်များကိုပါ ဝယ်ယူ ကျွေးမွေးခဲ့သော မြန်မာနိုင်ငံသားများကို‌ ကျေးဇူးတင်ကြောင်း ပြန်လည်မျှဝေပေးခဲ့သည်။

အကယ်၍ မြန်မာလူငယ်များသာ မကယ်တင်ခဲ့ပါက အစားအသောက် ပြတ်လပ်သွားမည်ဖြစ်ပြီး အပြင်ထွက်နိုင်မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။

မယ်ဆိုင်ရေကြီးမှုတွင် မြန်မာနိုင်ငံသားအချို့ သူခိုးများဖြစ် စွပ်စွဲခံရပြီး ဖမ်းဆီးခံနေရချိန် ယခုကဲ့သို့ ပုံရိပ်များက ထိုင်းနိုင်ငံသားများ၏ အမြင်ကို ပြောင်းလဲပေးခဲ့ကြောင်း ထိုင်းလူမျိုးများက သတင်းဌာနများအောက်တွင် မှတ်ချက်ပြု ရေးသားထားကြသည်။

စက်တင်ဘာလ ၁၃ ရက်နေ့က မယ်ဆိုင်မြို့ ရေကြီးနေချိန် ဂတ်စ်အိုးများ၊ သစ်သားများ လိုက်လံခိုး ယူခဲ့သော မြန်မာနိုင်ငံသား သုံးဦးကို ဖမ်းမိခဲ့ကြောင်း မယ်ဆိုင်ရဲစခန်းက ထုတ်ပြန်ခဲ့သည်။