BREAKING
September 21, 2024

မြန်မာ့ရေဘေးအတွက် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ အိန္ဒိယထောက်ပံ့

September 17, 2024

ယာဂိတိုင်ဖွန်းမုန်တိုင်းကြောင့်ရေဘေးဒဏ်ခံခဲ့ရသည့် မြန်မာနိုင်ငံအတွက် ရိက္ခာခြောက်များ ၊ အဝတ်အစားနှင့် ဆေးဝါးများ ပါဝင်သည့် အရေးပေါ်ပစ္စည်း တန်ချိန် ၁၀ ကို အိန္ဒိယရေတပ်သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံထားရသည့် မြန်မာ ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများကို အရေးပေါ်အကူအညီအထောက်အပံ့များ ပေးအပ်မည့် ‘Operation Sadbhav’ ကို အိန္ဒိယနိုင်ငံက တနင်္ဂနွေနေ့တွင် စတင်လိုက်ခြင်းဖြစ်သည်။

ဗီယက်နမ်နိုင်ငံကိုလည်း ရေသန့်စင်ရေးပစ္စည်းများ ၊ စောင်များ ၊ မီးဖိုချောင်သုံးပစ္စည်းများ ၊ ဆိုလာမီးအိမ်များ အပါအဝင် စုစုပေါင်း အလေးချိန် ၃၅ တန်ရှိသည့် အထောက်အပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

လာအိုနိုင်ငံသို့လည်း မီးစက်များ ၊ တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများ ၊ ခြင်ထောင်များ ၊ စောင်များနှင့် အိပ်ယာလိပ်များအပါအဝင် စုစုပေါင်း အလေးချိန် ၁၀ တန်ရှိသည့် အထောက်အပံ့ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တောင်တရုတ်ပင်လယ်အတွင်း အစပြုဖြစ်ပေါ်လာခဲ့သည့် တိုင်ဖွန်းမုန်တိုင်းသည် ပြီးခဲ့သည့်အပတ်တွင် ကုန်းတွင်းပိုင်းသို့ စတင်ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မြန်မာ ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများတွင် ပြင်းထန်သည့် ရေလွှမ်းမိုးမှုဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

‘ယာဂိ’တိုင်ဖွန်းမုန်တိုင်းသည် အာရှ၏ တစ်နှစ်တာအားအပြင်းဆုံး မုန်တိုင်းအဖြစ် သတ်မှတ်ခံထားရသည်။

မုန်တိုင်းကြောင့် အ‌ရှေ့တောင်အာရှဒေသတွင်းနိုင်ငံအချို့တွင် သည်းထန်စွာ မိုးရွာသွန်းခဲ့ပြီး နေရာအနှံ့အပြားတွင် လူသေမှုများနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထောင်နှင့်ချီသည့် ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဗီယက်နမ်နှင့် မြန်မာနိုင်ငံများတွင် လူရာနှင့်ချီ သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

‘ယာဂိ’တိုင်ဖွန်းမုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရသည့်ပြည်သူများနှင့် အတူတကွရပ်တည်လျက်ရှိကြောင်း ပြသသည့်အနေဖြင့် ယခုလို အကူအညီများ ပေးအပ်ရခြင်းဖြစ်ကြောင်း အိန္ဒိယ၏ နိုင်ငံခြားရေးရာဝန်ကြီးက လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားခဲ့သည်။

Ref: India Today