BREAKING
January 12, 2025

စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး ဒေါနစစ်ကြောင်းထံခိုလှုံ

September 17, 2024

ပုံစာ - လက်နက်နှင့်အတူခိုလှုံလာသည့် ဗိုလ်မှူးအား ဆုငွေချီးမြှင့်စဉ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦး အမှတ် ၈ ပြည်ထောင်စုကားလမ်းမ(ရေး-ထားဝယ်) တွင် စစ်ရေးလှုပ်ရှားသည့် ဒေါနစစ်ကြောင်းထံ ခိုလှုံဝင်ရောက်လာခဲ့ကြောင်း ဒေါနစစ်ကြောင်းက စက်တင်ဘာလ ၁၆ ရက်တွင်ထုတ်ပြန်သည်။

ပြီးခဲ့သည့်လပိုင်း ကတည်းက ချိတ်ဆက်နေခြင်းဖြစ်ပြီး စက်တင်ဘာလ ၁ ရက်တွင် ဒေါနစစ်ကြောင်းထံ ရောက်ရှိခဲ့ကြောင်း ယင်းစစ်ကြောင်းထံကသိရသည် ။

“ဘယ်လိုဆက်သွယ်လာခဲ့တာလဲဆိုတော့ တစ်ဆင့်ခံနဲ့ချိတ်ဆက်ပြီးတော့မှ ဝင်ရောက်လာတာပါ။ ကိုယ်တိုင်ဆက်သွယ်လာတာမျိုး မဟုတ်ပါဘူး။ဘယ်လိုကြားခံနဲ့ ဆက်သွယ်လဲဆိုတာတော့ လုံခြုံရေးအရ ပြောပြလို့မရသေးပါဘူး။ ချိတ်ဆက်လာခဲ့တာတော့ကြာပါပြီ ” ဟု ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယကပြောသည် ။

CDM အဖြစ်ခိုလှုံလာသည့် စစ်ကောင်စီတပ်က ဗိုလ်မှူးနှစ်ဦး၏ အသေးစိတ်အချက်အလက်များကို ကာယကံရှင်များ၏ သဘောဆန္ဒအရ လတ်တလောတွင် ထုတ်ပြောရန်မရှိသေးကြောင်း ၎င်းကဆက်ပြောသည်။

ခိုလှုံလာသူနှစ်ဦးအနက် တစ်ဦးတွင် MA-3 သေနတ် တစ်လက် နှင့် MA-5 သေနတ်တစ်လက် စုစုပေါင်းလက်နက်နှစ်ခုပါလာသဖြင့် ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်း ဒေါနစစ်ကြောင်း၏ ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။

ဂုဏ်ပြုချီးမြှင့်ငွေပတ်သက်၍ မေးမြန်းရာ CDM ပြုလုပ်လာသူများကို ပါလာသည့် လက်နက်အမျိုးစားပေါ်မူတည်၍ ဆုငွေချီးမြင့်ပေးခြင်းဖြစ်ကြောင်းဖြေကြားပြီး ယခုချီးမြှင့်သည့် ပမာဏကိုမူ သီးခြားဖြေကြားခြင်းမရှိခဲ့ပေ။

အဆိုပါဗိုလ်မှူးနှစ်ဦး သည် လက်ရှိတွင် ဒေါနစစ်ကြောင်း၌ပင် နေရေးစားရေးနှင့်လုံခြုံရေးစီစဉ်ပေးထားသည်ဟု ရဲဘော်ယုယက ပြောသည်။

“ဘာဆက်လုပ်မယ်ဆိုတာမျိုး ပြောတာတော့မရှိသေးပါဘူး။ သူတို့ဆုံးဖြတ်တဲ့အတိုင်းကို ကျွန်တော် တို့အကောင်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားမှာပါ ” ဟု CDM ဗိုလ်မှူးနှစ်ဦး၏ လက်ရှိအခြေအနေကို ရဲဘော်ယုယ က ရှင်းပြသည်။

ယခု CDM ပြုလုပ်သည့်ဗိုလ်မှူးနှစ်ဦးအပါအဝင် ဒေါနစစ်ကြောင်းထံ ဆက်သွယ်ကာ စစ်ကောင်စီတပ်ကနေ ဘက်ပြောင်း ခိုလှုံခဲ့သူ ဆယ်ဦးထက်မနည်းရှိပြီး နောက်ထပ်ဆက်သွယ်ထားသူများလည်းရှိနေဆဲဖြစ်ကြောင်း ဒေါနစစ်ကြောင်းထံကသိရသည်။

ပြီးခဲ့သည်ဩဂုတ်လနှင့် စက်တင်ဘာလဆန်းတို့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတစ်ဦး မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ ထံခိုလှုံသည့် ဖြစ်စဉ် နှင့် အဓမ္မစစ်သားစုဆောင်းခံရသူများ ပြန်လည်ခုခံထွက်ပြေး၍ ကေအန်ယူ တပ်မဟာ ၄ ထံ ခိုလှုံသည် ဖြစ်စဉ်များရှိခဲ့သည်။