ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး(ကြယ်တောင်) ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။
“အရေးပေါ်ကားတွေကို လမ်းမှာတားပြီး ကိုနိုင်မျိုးသွင်ကို စစ်ဆေးစရာရှိလို့ဆိုပြီး အေးအေးဆေးဆေး ရယ်ရယ်မောမောပဲ ပြောပြီးခေါ်သွားတာ။ မှည့်တစ်ပေါက် မစွန်းစေရဘူးလို့လည်း ပြောသွားတယ်” ဟု ဇမ္ဗူသီရိနှင့် နီးစပ်သူက ပြောသည်။
ထိုသို့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့နံနက်တွင်မူ ဦးနိုင်မျိုးသွင်က ၎င်း၏ဇနီးဖြစ်သူထံ ဖုန်းဆက်လာကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။
“သူ့မိန်းမဆီ ဖုန်းဆက်ပြီး အားလုံးအဆင်ပြေတယ်။ အားလုံးအေးဆေးပဲလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။
ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း အရေးပေါ်လူနာကူညီသယ်ဆောင်ရေးလုပ်ငန်းများလုပ်ကိုင်နေပြီး ပြည်သူအများစု အားကိုးနေသည့် အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုပီတာကမူ ဦးနိုင်မျိုးသွင်အနေဖြင့် ပရဟိတအမည်ခံပြီး စစ်ကောင်စီထံ တော်လှန်ရေးတပ်အချို့၏ တည်ရှိရာကိုသတင်းပေးခြင်း၊ လိုင်စင်မဲ့ကားတင်သွင်းခြင်း၊ လူမှုရေးဖောက်ပြန်ခြင်းများကြောင့် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဆိုသည်။
“အဓိကဖမ်းဆီးရတဲ့ အကြောင်းအရင်းကတော့ သူသည်စစ်ကောင်စီနဲ့ဖက်(တွဲ)ပြီး စစ်ကောင်စီဆီကို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းအချက်အလက်တွေကို ပေးနေတာက တစ်ကြောင်းပေါ့နော်။ စစ်ကောင်စီနဲ့ဖက်ပြီး ငွေမည်းတွေရှာနေတာတွေပေါ့။ တရားမဝင်စီးပွားရေး လုပ်ကိုင်နေတာတွေက တစ်ကြောင်းပေါ့”ဟု ကိုပီတာက ပြောသည်။
ဦးနိုင်မျိုးသွင်ကိုင်ဆောင်ထားသည့် ဖုန်းအတွင်းစစ်ဆေးတွေ့ရှိချက်အရ လိုင်စင်မဲ့ကားအဖမ်းခံရသူများထံမှ သိန်း ၅၀ နှင့်အထက် မတရားငွေကြေး ကောက်ခံထားသည့် ငွေလွှဲဖြတ်ပိုင်းအချက်အလက်များ၊ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်အဖွဲ့အစည်းနှင့် လက်နက်ကိုင်အဖွဲ့များ၏ အချက်အလက်များကို စစ်ကောင်စီတပ်သားများထံ ပေးပို့ထားသည့် အချက်အလက်များတွေ့ရကြောင်း ၎င်းက ဆိုသည်။
သို့သော်ယင်းအချက်များနှင့် ပတ်သက်၍ ကာယကံရှင် ဦးနိုင်မျိုးသွင်ကိုမူ Dawei Watch အနေဖြင့် ဆက်သွယ်မေးမြန်း အတည်ပြုနိုင်ခြင်း မရှိပေ။
ထိုအချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ကာယကံရှင်အနေဖြင့် လူမှုရေးကိစ္စတစ်ခုကိုသာ ဝန်ခံထားကြောင်း ကိုပီတာက ပြောသည်။
စစ်ဆေးပြီးပါက ဆက်လက်အရေးယူဆောင်ရွက်မည့်ကိစ္စရပ်ကိုမူ တော်လှန်ရေးတာဝန်ရှိအဖွဲ့အစည်း၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် တိုင်ပင်ပြီး ဆက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့လိုအပ်တဲ့ အချက်အလက်တွေ ပြီးဆုံးချိန်အထိ စစ်ဆေးလို့ပြီးပြီဆိုရင်တော့ သူ့ကိုတော့ ထိုက်သင့်တဲ့ အပြစ်ဒဏ်တော့ ပေးရမယ်ခင်ဗျား။ သူ့ကိုက ကျွန်တော်တို့က သတ်ပစ်လို့တော့မရဘူး။ ရှင်းပစ်လို့တော့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသည်ပရဟိတမျက်နှာဖုံးတစ်ခုနဲ့ နေနေတဲ့သူဖြစ်တဲ့အတွက် ကိုင်တွယ်ရ ပင်ပန်းတာဖြစ်တယ်”ဟု ကိုပီတာက ပြောသည်။
အဆိုပါ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့သည် လောင်းလုံးမြို့နယ်အတွင်း အခြေစိုက်ထားသည့် Local PDF(LPDF) ဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည်။
လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဟိန်းထက်ကမူ ပြည်သူများ၏ ကျန်းမာရေး လိုအပ်ချက်အပေါ် ကူညီဆောင်ရွက်နေသည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဖမ်းဆီးစစ်ဆေးခြင်းမှာ စစ်သည်တော်ကျင့်ဝတ်အား ဖောက်ဖျက်ရာရောက်သည့်အတွက် ယင်းကဲ့သို့မလုပ်ဆောင်ရန် မေတ္တာရပ်ခံ တိုက်တွန်းလေ့ရှိသည်ဟု ဆိုသည်။
“ဒေသတွင်းမှာရှိတဲ့ သာရေးနာရေးအသင်းတွေ ပရဟိတအဖွဲ့တွေရယ် သူတို့ရဲ့ကူညီကယ်ဆယ်မှု လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နှောင့်ယှက်တာ၊ ဟန့်တားတာ၊ တားဆီးတာ ဖမ်းဆီးတာ သတ်ဖြတ်တာ စသဖြင့်ပေါ့။ ဒီလိုမျိုးလုပ်ရပ်တွေအပေါ်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပါတယ်” ဟု ဦးဟိန်းထက်က ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏စစ်သည်တော်ကျင့်ဝတ်တွင်လည်း ရှေးဦးသူနာပြုများနှင့် ကျန်းမာရေးစောင့်ရှောက် ကုသပေးနေသူများ ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ လူနာတင်ယာဉ်၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း မလုပ်ရန် တားမြစ်ထားသည်။
ယင်းကြောင့် ဦးနိုင်မျိုးသွင်အားဖမ်းဆီးထားသည့် တပ်ဖွဲ့တာဝန်ရှိသူနှင့် ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်ပြောဆိုမှုများလည်းရှိကြောင်း ဦးဟိန်းထက်က ဆိုသည်။
“အထူးသဖြင့် ကိုနိုင်မျိုးသွင်ကို လွှတ်ပေးပါ။ ဘာဖြစ်လို့ လွှတ်ပေးရမယ်ဆိုတာက ကိုနိုင်မျိုးသွင်သည် အခုချိန်မှာ ပြည်သူတွေ သိထားတာက ပြည်သူတွေအခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေတဲ့အချိန်မှာ ကူညီပေးနေတဲ့အစုအဖွဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ သိထားကြတယ်ပေါ့။ ဒီအတွက် လွှတ်ပေးဖို့အတွက် မေတ္တာရပ်ခံပါတယ်ဆိုတာမျိုး ပြောထားတယ်”ဟု ၎င်းက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသည့် ဂျနီဗာကွန်ဗင်းရှင်းတွင်လည်း ကျန်းမာရေးဝန်ထမ်း၊ ရှေးဦးသူနာပြုများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းမလုပ်ရဟု တားမြစ်ထားသည်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ ကိုပီတာကမူ ဂျနီဗာကွန်းဗင်းရှင်းပါ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာသည့်အတွက် အရေးပေါ်လူနာတင်ယာဉ် အသင်းအဖွဲ့များအပါအဝင် လူသားချင်းစာနာမှုအကူအညီပေးနေသည့် အဖွဲ့အစည်းများအား ခြိမ်းခြောက်ဟန့်တားခြင်း လုံးဝမလုပ်ဘဲ လွတ်လပ်စွာလုပ်ခွင့်ပြုထားသည်ဟု ဆိုသည်။
လက်ရှိဖြစ်စဉ်မှာ ပရဟိတလုပ်နေသည့်အဖွဲ့အစည်း၏ လုပ်ငန်းကို နှောင့်ယှက်ဟန့်တားခြင်းမဟုတ်ဘဲ အပြစ်လုပ်ထားသည့် ကိုနိုင်မျိုးသွင် တစ်ဦးတည်းကိုသာ ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဂျနီဗာကွန်ဗင်းရှင်းကိုလည်း အထူးတလည် လေးစားလိုက်နာပါတယ်ပေါ့။ ဒီအပေါ်မှာ ပရဟိတ မျက်နှာဖုံးတစ်ခုကာပြီးတော့ နောက်မှာ မကောင်းမှုဒုစရိုက်လုပ်ငန်းတွေ လုပ်နေမယ်ဆိုရင်လည်း ကျွန်တော်တို့က ပစ်ပယ်ထားလို့ မရဘူးခင်ဗျား။ ပရဟိတကို ဗန်းပြပြီးဒုစရိုက်လုပ်နေမယ်ဆိုရင် ပရဟိတလုပ်နေလို့ ပစ်ပယ်ထားမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုက ဒီထက်ပိုပြီးတော့ ယိုယွင်းလာလိမ့်မယ်ခင်ဗျား”ဟု ကိုပီတာက ဆိုသည်။
လောင်းလုံးမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့များက အရပ်သားများအားဖမ်းဆီးမှု ခပ်စိပ်စိပ်ရှိနေပြီး တာဝန်ယူထုတ်ပြန်သည့် အဖွဲ့မှာ အနည်းငယ်သာ ရှိနေသည်။
ထိုကြောင့် လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ယင်းအခင်းအကျင်းများအပေါ် ထိန်းညှိလုပ်ဆောင်နိုင်ရေး အစည်းအဝေးတစ်ခုလုပ်ဆောင်ရန်ရှိကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
လောင်းလုံးမြို့နယ်သည် စစ်ကောင်စီတပ်အား ခုခံတွန်းလှန်ရာတွင် အားကောင်းသည့်မြို့နယ်တစ်ခုဖြစ်ပြီး အခြားမြို့နယ်အချို့မှ တော်လှန်တပ်အချို့လည်း အခြေပြုလှုပ်ရှားနေသည်။