တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် ရဲနှင့် စစ်သား ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။
အာဏာသိမ်းချိန်မှ ယနေ့အထိ CDM ဝင်ရောက်လာသည့် စစ်သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦး ရှိကြောင်း ဖော်ပြသည်။
CDM ပြုလုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁) တပ်ရင်းမှ တပ်သား အောင်ဇော်မင်းသည် MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ပါကျည်ဘောက် ၃ ခု၊ ကျည် ၁၀၀ ဖြင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ကြောင်း ဖော်ပြသည်။
၎င်းကို ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသားထားသည်။
အဆိုပါ CDM လုပ်လာသူ ၈၄ ဦးနှင့်ပတ်သက်ပြီး အချက်အလက်အချို့အား မေးမြန်းရန် တာဝန်ရှိသူအချို့ကို Dawei Watch က ဆက်သွယ်ရာ လတ်တလောတွင် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ဆိုသည်။