BREAKING
March 19, 2025

သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

September 17, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက နေအိမ်ထဲသို့ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံက နှစ်ချက်လောက်ပဲ ကြားလိုက်မိတယ်။ သူက ကရင်ကြီးရွာသား ပြင်ကြီးရွာက သူ့ခြံထဲမှာလာနေတာ။ အရင်ကတော့ ခြံစိုက်တာတွေရှိတယ်။ တခြားဘက်က သူဘာလုပ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။

ဦးဇော်ဦး၏ ရုပ်အေလာင်းမှာ ယနေ့ နံနက် ၉ နာရီအထိ ၎င်း၏နေအိမ်၌ပင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။

ဦးဇော်ဦး၏ မိဘနှစ်ပါးနှင့် ညီနှစ်ဦးမှာလည်း ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က ရေဖြူမြို့နယ် အင်းပြားရွာတွင် အသတ်ခံခဲ့ရသည်။

ယင်းမိသားစုဝင်လေးဦးကို ရေဖြူမြို့နယ် Spring Dhamma ဆိုသည့်အဖွဲ့က ရှင်းလင်းခဲ့ခြင်းခြင်းဖြစ်ပြီး သတင်းပေး လုပ်ခြင်းကြောင်း ရှင်းလင်းရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဇွန်လ ၁၉ ရက်နေ့တွင် ထုတ်ပြန်ချက်ခဲ့သည်။