BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

August 17, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ

မြန်မာ့အရေး စိတ်ပူရတဲ့အခြေအနေလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာ စိတ်ပူပန်ရတဲ့ အခြေအနေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဩဂုတ်လ ၁၆ ရက်က တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း လေးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

မြန်မာ့အရေးမှာ ကျော်လွန်လို့မရတဲ့ စည်းသုံးခုရှိတယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။ မြန်မာပြည်တွင်း မတည်မငြိမ် ဖြစ်တာ၊ ပြည်တွင်းစစ်ဖြစ်ပွားတာ လုပ်လို့ မရဘူး၊ မြန်မာဟာ အာဆီယံမိသားစု လမ်းကြောင်းကနေ ကင်းကွာလို့ မရဘူး၊ ပြည်ပအင်အားစုတွေ ထင်သလိုစိမ့်ဝင် ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဘူးဆိုတဲ့ အချက်သုံးချက်ကို ပြောဆိုခဲ့ပါတယ်။

ဝမ်ယိဟာ ဩဂုတ်လ ၁၄ရက်မှာ နေပြည်တော်ကို သွားရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေတို့နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

အဲဒီလို တွေ့ဆုံရာမှာတော့ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် ပြန်လည်စတင်ဖို့ကို ထောက်ခံ ကြောင်း၊ ပြည်ပဝင်ရောက်စွက်မှုကို ဆန့်ကျင်ကြောင်း၊ တရုတ်-မြန်မာဆက်ဆံရေးကို သွေးခွဲပြီး တရုတ်ကို အမည်ဖျက် အပုပ်ချတဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ရာမှာတော့ တရုတ်ကို အမည်ဖျက် အပုပ်ချတာကို ဆန့်ကျင်တယ်ဆိုတဲ့ ပြောဆိုချက်ကို ဖယ်ချန်ပြီး ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။ ရှမ်းမြောက်မှာ EAO တွေရဲ့ တိုက်ခိုက်မှုကို တရုတ်က ဆန့်ကျင်တယ်လို့လည်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ဒီအချက်ဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာ မတွေ့ရပါဘူး။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေကတော့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုကို ကာကွယ်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေးတို့အတွက် တရုတ်နိုင်ငံက ကူညီပေးဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။

……………………………………..

ကျပ်ငွေတန်ဖိုး တဟုန်ထိုးကျဆင်း

မြန်မာကျပ်ငွေတန်ဖိုးဟာ အလွန်အမင်း ကျဆင်းလာပြီး အခုသီတင်းပတ်အတွင်း အမေရိကန် တစ်ဒေါ်လောကို ကျပ် ခုနစ်ထောင်ကျော်အထိ ရောက်ရှိသွားခဲ့ပါတယ်။

ဩဂုတ်လဆန်းပိုင်းက တစ်ဒေါ်လာကို ကျပ် ၅၅၀၀ ကျော်ရှိခဲ့ရာကနေ အခုသီတင်းပတ်အတွင်းမှာတော့ ခုနစ်ထောင်ကျော် အထိ တဟုန်းတိုးတက်သွားပါတယ်။ ထိုင်းဘတ်စျေးဟာလည်း တစ်ဘတ်ကို ကျပ် ၂၀၀ လောက်အထိ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဩဂုတ်လဆန်းပိုင်းက ၆၅ သိန်းစျေးရှိခဲ့တဲ့ အခေါက်ရွှေတစ်ကျပ်သားစျေးနှုန်းဟာလည်း သိန်း ၈၀ကျော်အထိ စျေးတက်ခဲ့ပါတယ်။

ကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွားကို ကျဆင်းခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီဝယ်ဖို့အတွက် အမေရိကန် ဒေါ်လာ သန်း တစ်ရာ ထုတ်ရောင်းမယ်လို့ ကြေညာပြီးနောက်မှာတော့ ကျပ်ငွေအနည်းငယ် ပြန်တက်ခဲ့ပေမယ့် စျေးနှုန်း အတက်အကျတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။

ငွေတန်ဖိုး ကျဆင်းတာကြောင့် ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားနေကြရပါတယ်။

……………………………………..

စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးရွားရွားကြုံနေ

ရန်ကုန်အပါအဝင် တစ်နိုင်ငံလုံးမှာ စက်သုံးဆီပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပါတယ်။

ဩဂုတ်လဆန်းမှာ စက်သုံးဆီပြတ်လပ်မှုကြောင့် ဆီဆိုင်တွေမှာ ကားတွေ၊ ဆိုင်ကယ်တွေ နာရီနဲ့ချီတန်းစီစောင့်ဆိုင်း ဝယ်ယူ ခဲ့ရပါတယ်။ အခုသီတင်းပတ်အတွင်းမှာလည်း ဆီပြတ်လပ်တာကြောင့် နေ့ရော ညပါ နာရီနဲ့ချီတန်းစီ စောင့်ဆိုင်း ဝယ်ယူ နေကြ ရပါတယ်။

တန်းစီစောင့်ဆိုင်းပေမယ့် လိုသလောက် ဝယ်မရဘဲ အကန့်အသတ်နဲ့ပဲ ဝယ်ရတာ၊ ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွားတာ၊ ဆီဆိုင်တွေ အရောင်းရပ်တာတွေ ကြုံတွေ့နေရပါတယ်။ ဒါ့ကြောင့် ပြင်ပမှာ စျေးကြီးပေး ဝယ်ရတာတွေလည်း ရှိနေပါတယ်။

စစ်ကောင်စီက ဒေါ်လာ ထုတ်မရောင်းပေးတာ၊ ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးတွေ စံချိန်တင်မြင့်တက်နေတာ စတာတွေ ကြောင့် ဆီမဝယ်နိုင်ဖြစ်နေသလို ဆီထုတ်ယူဖြန့်ဖြူးမှုကို စစ်ကောင်စီက ထိန်းချုပ်ကန့်သတ်ထားတာတွေကြောင့် စျေးကွက်ထဲမှာ ဆီပြတ်လပ်သွားတာပါ။ စစ်ကောင်စီက ဆီသမားတွေအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ထုတ်ရောင်း ပေးမယ်လို့ ဩဂုတ်လ ၁၄ ရက်က ထုတ်ပြန်ပေမယ့် ဩဂုတ်လ ၁၆ ရက်အထိ ဆီဆိုင်တွေမှာ ဆီပြတ်လပ်ပြီး ကားတန်းရှည် တန်းစီနေရဆဲဖြစ်ပါတယ်။

……………………………………..

တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းယူ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပါတယ်။

မန္တလေးနဲ့ စစ်ကိုင်းတိုင်း အစပ်မှာရှိတဲ့ တကောင်းမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဩဂုတ်လ ၁၁ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်ပြီး နောက်တစ်ရက် ဩဂုတ်လ ၁၂ ရက်မှာ မြို့ကို သိမ်းယူနိုင်ခဲ့တာလို့ ပူးပေါင်းတပ်တွေဘက်က ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်နဲ့ စဥ့်ကူးမြို့တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူထားပြီး မတ္တရာ၊ နွားထိုးကြီး၊ မြင်းခြံ၊ သပိတ်ကျင်း၊ ပုသိမ်းကြီး မြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………..

ခြံအမှတ် ၅၄ ဒုတိယအကြိမ်လေလံ မအောင်

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် ၅၄ ကို ဒုတိယအကြိမ် လေလံတင်ပေမယ့် ဝင်ဆွဲသူ မရှိတာကြောင့် လေလံပွဲ မအောင်မြင်ခဲ့ပါဘူး။

အမွေဆိုင်အငြင်းပွားနေတဲ့ အဲဒီခြံကို ကျပ်ဘီလီယံ သုံးရာကျော် ကြမ်းခင်းစျေးသတ်မှတ်ပြီး နေအိမ်ခြံဝင်းရှေ့မှာ ဩဂုတ်လ ၁၅ရက်က ဒုတိယအကြိမ် လေလံတင်ရောင်းချခဲ့တာပါ။

ဒေါ်ခင်ကြည်အမည်ပေါက်တဲ့ အဲဒီခြံကို လေလံတင်ရောင်းချပြီး မောင်နှမနှစ်ယောက် ထက်ဝက်စီ ခွဲယူဖို့ သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးရဲ့ အထူးအယူခံလျှောက်လဲချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အနိုင်ပေးခဲ့ တာကြောင့် လေလံပစ်တာတွေ လုပ်လာတာပါ။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က ပထမအကြိမ် လေလံတင်တုန်းကလည်း ဝင်ဆွဲမယ့်သူ မရှိခဲ့ပါဘူး။ ခြံအမှတ် ၅၄ ဟာ မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲမှာ သမိုင်းဝင်နေရာတစ်ခုဖြစ်ပြီး အမေရိကန်သမ္မတ အိုဘားမားအပါအဝင် ကမ္ဘာ့အထင်ကရ ခေါင်းဆောင်တွေ လာရောက်ဖူးတဲ့ နေရာဖြစ်ပါတယ်။

……………………………………..

တစ်ရက်လုပ်ခ တစ်ထောင်ကျပ် ထပ်တိုး

အလုပ်သမားတွေအတွက် တစ်ရက်လုပ်အားခ တစ်ထောင်ကျပ် ထပ်တိုးပေးဖို့ စစ်ကောင်စီက သတ်မှတ်လိုက်ပါတယ်။

တစ်ထောင်ကျပ် ထပ်တိုးထားကို အနည်းဆုံး လုပ်အားခအနေနဲ့ တိုးပေးတာမဟုတ်ဘဲ ထောက်ပံ့ကြေး ခေါင်းစဉ်အောက်ကနေ တိုးလိုက်တာဖြစ်ပါတယ်။ အခုသတ်မှတ်ချက်ဟာ ဩဂုတ်လ ၁ရက်ကနေ စတင်အကျုံးဝင်တယ်လို့ စစ်ကောင်စီရဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာအမျိုးသားကော်မတီက ဩဂုတ်လ ၉ရက်မှာ ကြေညာပါတယ်။

တစ်ရက်အလုပ်ချိန် ၈နာရီအတွက် အနည်းဆုံးလုပ်အားခကို ကျပ် ၄၈၀၀ အဖြစ် ၂၀၁၈ခုနှစ်မှာ သတ်မှတ်ထားတာပါ။ အဲဒီနောက်ပိုင်းမှာ အနည်းဆုံးလုပ်အားခကို ပြင်ဆင်သတ်မှတ်တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၃ မှာ တစ်ကြိမ် ထောက်ပံ့ကြေး အနေနဲ့ တစ်ရက်ကို ကျပ်တစ်ထောင်ထပ်တိုးပေးခဲ့အတွက် အခုဆိုရင် တစ်ရက်လုပ်အားခ ၆၈၀၀ ဖြစ်လာပါတယ်။

ထောက်ပံ့ကြေးအနေနဲ့ တိုးပေးတာဖြစ်လို့ အချိန်ပိုကြေး သတ်မှတ်ပေးရာမှာ အကျုံးမဝင်ပါဘူး။ အချိန်ပိုကြေးကို ၄၈၀၀ အပေါ် အခြေခံတွက်ချက်တဲ့အတွက် နစ်နာတယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။ ဒါ့အပြင် ကျပ်ငွေတန်ဖိုး ထိုးကျနေပြီး ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေချိန် တစ်ရက်လုပ်အားခ ၆၈၀၀ ကျပ်ဟာ အလုပ်သမားတွေရဲ့ စားဝတ်နေရေး အခက်အခဲကို မဖြေရှင်းနိုင်ဘူးလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

……………………………………..