BREAKING
January 15, 2025

ဆင်ထိုးကြီးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ်အချို့ မီးလောင်

August 17, 2024

ပုလောမြို့နယ်၊ ပလောက်မြို့အနီး မြိတ်-ထားဝယ်ကားလမ်းဘေးရှိ ဆင်ထိုးကြီးကျေးရွာမှ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့စစ်နေအိမ် ၇ လုံးခန့် မီးလောင်သွားကြောင်း နှစ်ဖက်အဖွဲ့ထံမှသိရသည်။

ဩဂုတ်လ ၁၂ ရက်မှစကာ ပလောက်မြို့မှ ဆင်ထိုးကြီးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA တပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ သြဂုတ်လ ၁၆ ရက်နေ့အထိ ဖြစ်ပွားခဲ့သည်။

ဆင်ထိုးကြီးရွာမှ စစ်ကောင်စီတပ်များ ယနေ့နံနက်တွင် ပြန်လည်ထွက်ခွာ သွားပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသတင်းပေးတို့၏ နေအိမ်များကို KNLA တပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ဆင်ထိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ၎င်းနှင့် ယောက်ဖတော်စပ်သူ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်စိုး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစုကမ်းအပါအဝင် စစ်ကောင်စီနှင့်ဆက်စပ်သူများ၏ နေအိမ် ၇ လုံးကို KNLA တပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု သတင်းရကြောင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးက အတည်ပြုပြောဆိုသည်။

နေအိမ်မီးရှို့ခံရသည့် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ဦးမြင့်စိုး၊ ဦးစုကမ်းတို့မှာ စစ်ကောင်စီတပ်၊ ရဲနှင့် ပူးပေါင်းကာ ကျေးရွာပြည်သူလူထုကို ဖိနှိပ်မှုများရှိပြီး ရွာတွင်မနေရဲသဖြင့် ပလောက်မြို့ ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ သွားရောက်နေထိုင်နေကြကြောင်း ၎င်းကပြောသည်။

“အုပ်ချုပ်ရေးမှူး(မင်းအောင်)ကတော့ ရွာထဲမှာတောင်မနေရဘူး၊ ရွာသားတွေကို လျှောက်လိုက်လုပ်တာလေ၊ ရဲ ထက်တောင်ဆိုးသေးတယ်၊ ရဲစခန်းမှာနေတယ်၊ စစ်တပ်ကလည်းသူ့ကိုလက်မခံဘူး၊ ဟိုလူ့ကိုလက်ညိုးထိုး ဒီလူ့ကိုလက်ညိုးထိုး ဖမ်းခိုင်း ရိုက်နှက် ပြန်လွှတ်အဲ့လိုတွေလုပ်တယ်၊(မြင့်စိုး)က သူ့ယောက်ဖ သူကအကြံပေး၊ ဦးသိန်းစိန်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ဖူးတယ်။ စုကမ်းဆိုတဲ့ လူကတော့ သတင်းပေး” ဟု အထက်ပါ အုပ်ချုပ်ရေးမှူးက ပြောသည်။

လက်တလောရရှိသည့် သတင်းအရ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ဦးမြင့်စိုး၊ ဦးစုကမ်းတို့သုံးဦးအပြင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်ရှိန်၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးသန်းစိုး၊ စစ်ကောင်စီသတင်းပေး နောက်တစ်ဦးဖြစ်သည့် ဦးစုကမ်းတို့၏ နေအိမ်များ အပါအဝင် ၇ လုံးကို KNLA တပ်ဖွဲ့က မီးရှို့ခဲ့သည်ဟု KNLA နှင့်နီးစပ်သည့် စစ်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

သို့သော်စစ်ကောင်စီနှင့် ပတ်သက်သည့် ဆင်ထိုးကြီးရွာက နေအိမ်များကို ရည်ရွယ်ချက်ရှိရှိမီးရှို့ခဲ့ခြင်းမရှိဟု KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး စောမှူးဂေက ငြင်းဆိုသည်။

“ရည်ရွယ်ချက်ရှိရှိနဲ့ ရှို့တာမဟုတ်ပါဘူး။ စကစနဲ့ ထိတွေ့မှုရှိနေတဲ့အချိန်မှာ လက်နက်ကြီးဟိုကျသည်ကျနဲ့ မီးလောင်တာရှိတာပေါ့နော်” ဟု ဗိုလ်မှူးစောမှူးဂေက ဆိုသည်။

မြိတ်-ထားဝယ်ကားလမ်းဘေးရှိ အင်းမရွာက မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်နေသည့် ပြည့်ဖြိုးထွန်းကုမ္ပဏီဝန်းနှင့် အဆောက်အအုံ၊ အလုပ်ရုံကို KNLA တပ်များ ဝင်ရောက်စီးနင်းထားသဖြင့် စစ်ကောင်စီက ဆင်ထိုးကြီး၊ ဘုရင့်တောင်ရွာ၊ အင်းမရွာများကို ဩဂုတ်လ ၁ ရက်ကစ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။