BREAKING
December 26, 2024

ထားဝယ်မြို့ပေါ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံ ဆူညံ

August 17, 2024

ထားဝယ်မြို့ပေါ် ဆင်ဆိပ်ရပ်ကွက်နှင့် မြို့အနောက်ဘက် ကျေးရွာအချို့တွင် ယနေ့ညနေမှ၍ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆူညံလျက်ရှိသည်။

ဩဂုတ်လ ၁၇ ရက်နေ့ ညနေမှစကာ ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး ညနေ ၆ နာရီခွဲအထိ ပစ်ခတ်နေဆဲ ဖြစ်ကြောင်း ထားဝယ်မြို့ခံတို့ထံမှ သိရသည်။

လက်ရှိအချိန်ထိ လက်နက်ကြီးကျရောက်ပေါက်ကွဲသံ ၈ ချက်ထက်မနည်းကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရကြောင်း ထားဝယ်မြို့သစ်နေသူတစ်ဦးက ပြောသည်။

“လက်နက်ငယ်နဲ့ပစ်တာနဲ့ လက်နက်ကြီးပစ်တာနဲ့ တစ်ဝုန်းဝုန်းပဲ။ အခုတောင် ပစ်သံကြားရပြန်ပြီ” ဟု ၎င်းက ညနေ ၆ နာရီခွဲခန့်က ပြောသည်။

စစ်ကောင်စီတပ်နှင့် PDF တပ်များအကြား အပြန်အလှန်ပစ်ခတ်ခြင်း သို့မဟုတ် စစ်ကောင်စီတပ်က တစ်ဖက်သတ်ပစ်ခတ်နေခြင်း ဆိုသည်ကိုမူ မသိရကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။

ထားဝယ်မြို့ တစ်ဖက်ကမ်း ရွာအချို့ဘက်တွင်လည်း ပစ်ခတ်သံ အချို့ကြားနေကြကြောင်း ရွာခံတို့ထံမှ သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်များနှင့် ပတ်သက်၍ Dawei Watch အနေနှင့် အသေးစိတ်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။

ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ကလည်း ထားဝယ်မြို့ ရေးလမ်းပေါ်ရှိ ဆင်ဆိပ်လမ်းကွေ့တွင် တနင်္သာရီတိုင်း လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ် လိုက်ပါလာသည့်ယာဉ်တန်းကို တော်လှန်ရေးတပ်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့်ကားကို ဆင်ဆိပ်ရပ်ကွက် ရေးလမ်းမပေါ်တွင် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော်က ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၃ ဦးခန့်ဒဏ်ရာရသွားကြောင်း ထုတ်ပြန်ထားသည်။

ယင်းနေ့တွင်ပင် ဆင်ဆိပ်လမ်းကွေ့တွင် နေထိုင်သည့် ယခင်စစ်အစိုးရလက်ထက် ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူ ဦးကျော်မြင့်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ဖမ်းဆီးသွားပြီး နောက်တစ်ရက်တွင် ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်တွေ့ရသည်။