BREAKING
December 26, 2024

မောင်းမကန်အနီး ပစ်ခတ်မှုဖြစ်နေ

August 17, 2024

လောင်းလုံးမြို့နယ် မောင်းမကန်ရွာအနီးတစ်ဝိုက်တွင် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ကျော်မှစပြီး ပစ်ခတ်မှုများ‌ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

မောင်းမကန်ရဲစခန်းနှင့် အနီးအနားဘက်က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ထက်မနည်းကြားရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“(တော်လှန်ရေးတပ်) တစ်ဖွဲ့ဖွဲ့က လာပစ်တာဖြစ်မယ်။ အခုတော့ အသံတိတ်နေတာ ငါးမိနစ်လောက်ရှိပြီ။ ရွာမှာတော့တိတ်ဆိတ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်နေသည့် အချိန်အတွင်း မောင်းမကန်ရဲစခန်းဘက်နှင့် သုံးထပ်လမ်းအနီးဝန်းကျင်တွင် မီးခိုးများထွက်ပေါ်နေသည်ကို မြင်တွေ့ရကြောင်း မောင်းမကန်ရွာ ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၆ ရက် ည ၁၁ နာရီခန့်တွင်လည်း မောင်းမကန်ကမ်းခြေရှိ KTV အဆောင် လေးဆောင်ကို PDF အဖွဲ့တဖွဲ့ကမီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

” KTV မီးရှို့ပြီး ကားတစ်စီးပါ သိမ်းသွားတယ်” ဟုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယခုပစ်ခတ်တိုက်ခိုက်မှုအပါဝင် KTV မီးရှို့ သည့်ဖြစ်စဉ်များနှင့်ပတ်သတ်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကိုအသေးစိတ်မသိရသေးပေ။

ယနေ့ ညနေ ၆ နာရီ ဝန်းကျင်တွင်လည်း ထားဝယ်မြို့ ပေါ်တွင်လည်း လက်နက်ကြီးအသံများ ကြားနေရကြောင်း မြို့ခံများက ပြောသည်။

“(လက်နက်ကြီး) အကြီးကြီးတွေ ထုနေတာပဲ ကြားနေရတယ်” ဟု ထားဝယ်မြို့ ဝဲကျွန်း ရပ်ကွက်မှ အမျိုးသမီးတစ်ဦးကပြောသည်။

ဩဂုတ်လ ၈ ရက် ည‌နေပိုင်းတွင်လည်း မောင်းမကန်နယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေးသည်။