BREAKING
October 18, 2024

ထိုင်းတွင် မြန်မာလုပ်သား ၇၀၀ ကျော် လုပ်ခဘတ် ၁၀သန်းခန့်မရသဖြင့် ညဘက်ဆန္ဒပြ

August 17, 2024

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၇၀၀ကျော် လုပ်အားခဘတ် ၁၀သန်းခန့် မရရှိသဖြင့် ဩဂုတ်လ ၁၆ ရက် ညတွင် ဆန္ဒပြတောင်းဆိုကြကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပရာကျင်ဘူရီခရိုင်၊ စီမဟာဖို့ဒေသ၊ ရိုဂျာနားစက်မှုဇုန်အတွင်းရှိ မြန်မာဆောက်လုပ်ရေးအလုပ်သမားများကို တရုတ်လုပ်ငန်းရှင်းက လုပ်အားခ မပေးသောကြောင့် ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်သူဌေးသည် အလုပ်သမားများကို လုပ်အားခနှစ်လစာ ပေးချေခဲ့ခြင်း မရှိသဖြင့် အလုပ်သမားများ ဘတ် ၁၀ သန်းခန့် မရသေးကြောင်း သတင်းများတွင် ဖော်ပြသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများသည် နေရေးစားရေး ခက်ခဲလာပြီး အချို့မှာ စားသောက်ရန်အတွက်ပင် ငွေကြေး မရှိဖြစ်လာကြောင်း ရေးသားထားသည်။

ဆန္ဒပြတောင်းဆိုနေသော မြန်မာအလုပ်သမားများကို တရုတ်သူဌေးက တစ်ဦးလျှင် ကနဦး ဘတ် ၅၀၀ စီပေး၍ ညှိနှိုင်းခဲ့သော်လည်း မြန်မာအလုပ်သမားများက လက်မခံခဲ့ကြောင်း ဆိုသည်။

လုပ်အားခ အားလုံးပြန်ရရှိမှသာ ညှိနှိုင်းမှု လက်ခံပေးမည်ပြောကြားထားပြီး အလုပ်ရှင်နှင့် အလုပ်သမားခေါင်းဆောင်များ ပြန်မထွက်နိုင်စေရန် လုပ်ငန်းခွင်ထဲရှိ အဝင် အထွက်ပေါက်များကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားမှာ လုပ်အားခ နှစ်လစာအထိ တစ်ဦးတစ်ယောက်မျှ ရရှိခြင်း မရှိသေးသဖြင့် ဆန္ဒပြတောင်းဆိုခြင်း ဖြစ်ကြောင်း မြန်မာအလုပ်သမား ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် လုပ်အားခမရသော မြန်မာအလုပ်သမားများသည် အလုပ် လုပ်ခြင်းမရှိသေးဘဲ ဆန္ဒပြနေဆဲပင်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

Ref: Khaosod English, Amarin TV, One News