BREAKING
September 21, 2024

ပါတီဖျက်သိမ်းခံရမည့် အပေါ် ရွေးကောက်ပွဲ အောင်ပန်းရှင် ပီထာ့အမြင်

August 17, 2024

၂၀၂၃ မေလ အထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီ အနိုင်ရအောင် ကျွန်တော် ဦးဆောင်နိုင်ခဲ့တဲ့အချိန်မှာ တိုင်းပြည်ဟာ အလွန်တရာ ရွှင်လန်း ဝမ်းမြောက်ခဲ့တယ်။

မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒသဘောထား အောင်ပန်းဆွတ်နိုင်မှုနဲ့အတူ ထိုင်းဘုရင့်နိုင်ငံဟာ တိုးတက်တဲ့ ရီးနေဆန်းခေတ်ရဲ့ အပြောင်းအလဲစပ်ကူးမပ်ကူးကာလကို ရောက်နေပြီလို့ ထိုင်းပြည်သူအတော်များများက ယုံကြည်ခဲ့ကြတယ်။ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေကလည်း ဒီလိုပဲ ယုံကြည်ခဲ့ကြတယ်။

ရွေးကောက်ပွဲအလွန် အတိုက်အခံပါတီတွေအကြား သဘောတူညီမှုဟာ ကျွန်တော့်ကို ပါလီမန်မဲခွဲမှုကနေတဆင့် ဝန်ကြီးချုပ်ဖြစ်လာအောင် လမ်းခင်းပေးတော့မလိုပါပဲ။

ကနဦးဝမ်းသာပီတိဟာ ဆန္ဒစောတာသက်သက် ဖြစ်သွားခဲ့တယ်။ ကျွန်တော်တို့ဘက်က ညွန့်ပေါင်းအစိုးရဖွဲ့လို့ မရအောင် တားဆီးဖို့ ရွေးကောက်ပွဲနောက်ပိုင်းမှာ ကွန်ဆာဗေးတစ်အင်အားစုတွေဘက်က လျှင်လျှင်မြန်မြန် စုစည်းခဲ့ကြတယ်။

ဝန်ကြီးချုပ်ရွေးချယ်ရေးနဲ့ ပတ်သက်လို့ မဲပေးရွေးချယ်ရာမှာ ရွေးကောက်ခံမဟုတ်တဲ့ ဆီးနိတ်ဟာ သူ့မှာရှိတဲ့ ဒီမိုကရေစီနည်းလမ်းမကျတဲ့ အာဏာကို သုံးစွဲခဲ့တယ်။

အောက်လွှတ်တော်က အရွေးကောက်ခံအမတ်အများစုရဲ့ ဆန္ဒကို ဆီးနိတ်က ဆန့်ကျင်ဖီဆန်ခဲ့တယ်။ အစိုးရဖွဲ့ဖို့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုကို ကဖျက်ကယက်လုပ်ခဲ့တယ်။ အဲဒီနောက်မှာ တရားစီရင်ရေးမဏ္ဍိုင်ကလည်း ကြားဝင်စွက်ဖက်လာခဲ့ပါတယ်။

လုပ်ငန်းမလည်ပတ်တော့တဲ့ မီဒီယာကုမ္ပဏီတစ်ခုမှာ မပြောပလောက်တဲ့ အစုရှယ်ယာ ပိုင်ဆိုင်ထားမှုကြောင့် ကျွန်တော်ဟာ ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံခဲ့ရတယ်။ ပါလီမန်အမတ်အဖြစ်ကနေ ကျွန်တော့်ကို ဆိုင်းငံ့ထားလိုက်တယ်။ နောက်ထပ် ရက်ပေါင်း ၁၉၀ အကြာမှ ကျွန်တော့်ကို ပါလီမန်အမတ်နေရာ ပြန်ပေးခဲ့တယ်။

ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရခဲ့တဲ့၊ တခါတုန်းက ကျွန်တော်တို့နဲ့ မဟာမိတ်ဖြစ်ခဲ့ဖူးတဲ့ ဖြူထိုင်းပါတီဟာ သူတို့နဲ့ ကျွန်တော်တို့ကြားက သဘောတူညီမှုကို ချိုးဖောက်လိုက်တယ်။ ဒါဟာ ကျွန်တော်တို့ကို ဇာတ်သိမ်းပေးလိုက်တဲ့ နောက်ဆုံးထိုးနှက်ချက်ပါပဲ။

အံ့အားသင့်စရာ အလှည့်အပြောင်းဖြစ်ရပ်တွေကြားမှာ ဖြူထိုင်းပါတီဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖို့ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပါတီတွေနဲ့ ပူးပေါင်းလိုက်တယ်။ Move Forward ပါတီကိုတော့ အတိုက်အခံနေရာမှာပဲ ချန်ထားရစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီအခြေအနေဟာ နောက်ထပ်ယိုယွင်းပြိုဆင်းလာဖို့ အသင့်ဖြစ်နေတယ်။

Move Forward ပါတီကို ဖျက်သိမ်းဖို့ တိုင်းပြည်ရဲ့ အခြေခံဥပဒေခုံရုံးက စဉ်းစားနေလို့ပါပဲ။ Move Forward ပါတီကို ဖျက်သိမ်းပစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးဟာ လူထုထောက်ခံမှုအများဆုံးပါတီကို နိုင်ငံရေးအခင်းအကျင်းထဲကနေ ဖယ်ရှားလိုက်မှာပါ။ ဒါတင်မကသေးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့်ကို နိုင်ငံရေးလောကကနေ အနည်းဆုံးဆယ်စုနှစ်တစ်ခုစာ ပိတ်ပင်လိုက်ဦးမှာ ဖြစ်ပါတယ်။

Economic Intelligence Unit ရဲ့ ၂၀၂၃ ခုနှစ် ဒီမိုကရေစီညွှန်းကိန်းမှာ ထိုင်းနိုင်ငံက ဘာကြောင့် အသိသာဆုံး ရုပ်ပျက်ဆင်းပျက် အဆင့်ကျဆင်းသွားခဲ့ရသလဲဆိုတာရဲ့ အဖြေကို ဒီလို နိုင်ငံရေးအရ ပရမ်းပတာအခြေအနေက ရှင်းပြနေပါတယ်။ အဲဒီညွှန်းကိန်းမှာ ထိုင်းနိုင်ငံဟာ အဆင့် ၆၃ ကနေ အဆင့် ၅၅ ကို ကျဆင်းခဲ့ရတယ်။ တကယ်တမ်းမှာလည်း ထိုင်းဘုရင့်နိုင်ငံရဲ့ အဆင့်ကျဆင်းမှုဟာ ဖော်ပြထားတဲ့ ၁၆၇ နိုင်ငံထဲမှာ အသိသာဆုံး ကျဆင်းမှုဖြစ်ပါတယ်။

Move Forward ကို အခုလိုမျိုး တိုက်ခိုက်ပြီး ဒီမိုကရေစီကို သေတွင်းတူးပေးတဲ့ လုပ်ရပ်ဟာ ထိုင်းနိုင်ငံရေးသမိုင်းကို လေ့လာနေသူတွေအဖို့တော့ အံ့အားသင့်စရာ ဟုတ်မနေပါဘူး။ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ဆီ ထိုင်းနိုင်ငံကို ကူးပြောင်းပေးလိုက်တဲ့ ၁၉၃၂ တော်လှန်ရေးကတည်းကနေ မဲဆန္ဒရှင်ပြည်သူတွေရဲ့ စိတ်ဆန္ဒသဘောထားဟာ မကြာခဏဆိုသလိုပဲ တံတွေးအထွေးခံခဲ့ရတယ်။

၂၀ ရာစုနှစ်အတွင်းမှာ တိုင်းပြည်ဟာ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှုပေါင်း အကြိမ် ၂၀ တွေ့ကြုံခံစားခဲ့ရတယ်။ ၁၂ ကြိမ် အောင်မြင်ခဲ့တယ်။ ဒီလိုမျိုး အစိုးရကို အင်အားသုံး ဖြုတ်ချဖို့ ကြိုးစားမှုတိုင်းမှာ ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့သူတွေအပေါ် အကျင့်ပျက်ခြစားမှုတွေနဲ့ စွပ်စွဲခဲ့တယ်။ ဒီလို စွပ်စွဲချက်တွေ ပြုလုပ်ပြီး စစ်အာဏာသိမ်းမှုဟာ တရားမျှတသယောင် လုပ်ကြံဇာတ်လမ်းဆင်ခဲ့တယ်။ စစ်အာဏာသိမ်းမှုတိုင်းမှာ စစ်တပ်က သူ့ကိုယ်သူ ကျင့်ဝတ်မှန်ကန်ခြင်းရဲ့ စံနမူနာအဖြစ် ပုံဖော်ခဲ့တယ်။

လက်ရှိ ရာစုနှစ်ရဲ့ ၂၀၀၆ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်မှာ နောက်ထပ်စစ်အာဏာသိမ်းမှုနှစ်ခု ကြုံတွေ့ခဲ့ရတယ်။ ထိုင်းနိုင်ငံရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအပေါ် စစ်အာဏာသိမ်းမှုတွေရဲ့ အကျိုးဆက်ဂယက်ရိုက်ခတ်မှုဟာ ရှေ့ဆက်ပဲ့တင်ထပ်နေဦးမှာပါ။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုနဲ့ ထပ်တူအရေးပါတဲ့ နိုင်ငံ့စီးပွားရေးရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအပေါ် မှာလည်း စစ်အာဏာသိမ်းမှုတွေရဲ့ ဂယက်ရိုက်မှုက အလားတူရှိနေဦးမှာပါပဲ။

ပုံစံဟောင်းနဲ့ စစ်အာဏာသိမ်းမှုတွေဟာ သူတို့ အသုံးပြုလို့ရတဲ့ တစ်ခုတည်းသော ကိရိယာတန်ဆာပလာ မဟုတ်တော့ပါဘူး။ ဒါဟာ ခေတ်နောက်ကျတဲ့ နည်းလမ်းတစ်ခုလို့တောင် ငြင်းချက်ထုတ်နိုင်လာပါပြီ။ စစ်တပ်ဟာ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာကို စစ်တပ်ထဲက အုပ်စုအချို့က သဘောပေါက်လက်ခံလာနေကြပါပြီ။ စစ်တပ်ဟာ အရပ်သားထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်ဆိုတဲ့ အယူအဆကို သူတို့ နွေးထွေးကြိုဆိုလာကြပြီ ဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း ကျွန်တော်တို့ရဲ့ ပါတီဟာ စစ်တပ်ရဲ့ အဓိကစစ်တန်းလျားတွေ အခြေစိုက်ထားတဲ့ မဲဆန္ဒနယ်မြေအတော်များများမှာ အပြတ်အသတ်အနိုင်ရခဲ့တာပါ။

တချိန်တည်းမှာပဲ နိုင်ငံသူနိုင်ငံသားတွေဟာ စစ်တပ်ရဲ့ အရေးအရာတွေကို စိတ်ဝင်တစား အနီးကပ်စောင့်ကြည့်လာကြတယ်။ စစ်တပ်ရဲ့ မကြုံစဖူး ပရမ်းပတာ ဘတ်ဂျက်သုံးစွဲမှုတွေကို ပြည်သူတွေက စေ့စေ့စပ်စပ် စောင့်ကြည့်သုံးသပ်လာတယ်။ ဒီလိုနည်းနဲ့ ထိုင်းလူထုဟာ သူတို့ရဲ့ ဒီမိုကရေစီကြွက်သားကို ထုတ်ပြလာနေကြတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်ရဲ့ ကြားဝင်စွက်ဖက်မယ့် အန္တရာယ်က အမြဲတမ်းရှိနေ ပါတယ်။တချိန်တည်းမှာပဲ အာဏာရလူတန်းစားရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အသုံးများဆုံးနည်းလမ်းတွေက ပြောင်းလဲလာခဲ့တယ်။ ရှိရင်းစွဲအာဏာချိန်ခွင်လျာအပေါ် စိန်ခေါ်ပြောင်းလဲပစ်လိုသူတွေကို အသံတိတ်အောင် နှုတ်ပိတ်ဖို့အတွက် တရားစီရင်ရေးယန္တရားဟာ သူတို့ရွေးချယ်အသုံးပြုလာတဲ့ လက်နက်ဖြစ်လာတယ်။ ‘ဥပဒေကြောင်းအရ အာဏာသိမ်းမှု’ သို့မဟုတ် ‘ဥပဒေအရ စစ်ဆင်ခြင်း’ လို့ ကင်ပွန်းတပ်ခံရတဲ့ ဒီနည်းဗျူဟာက ကုန်လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ထိုင်းနိုင်ငံရေးရဲ့ ဝိသေသလက္ခဏာတစ်ရပ် ဖြစ်လာတယ်။

လူထုထောက်ခံမှုများတဲ့ နိုင်ငံရေးပါတီလေးခုနဲ့ နိုင်ငံရေးသမားအတော်များများဟာ တရားဝင်စုစည်းလှုပ်ရှားလို့ရတဲ့ နိုင်ငံရေးမျက်နှာစာကနေ ပိတ်ပင်တားမြစ်ခံခဲ့ရတယ်။ ဒါ့အပြင် ဒီမိုကရေစီအရေး လှုပ်ရှားတောင်းဆိုမှုတွေ တနိုင်ငံလုံးကို ပျံ့နှံ့သွားတဲ့ ၂၀၂၀ ခုနှစ်ကစပြီး အသက် ၁၈ နှစ်အောက်လူငယ်တွေ ပါဝင်တဲ့ အနည်းဆုံး လူပေါင်း ၂၇၂ ဦးဟာ တော်ဝင်မိသားစုကို စော်ကားလို့မရအောင် ကာကွယ်ထားတဲ့၊ ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ ‘lèse-majesté’ ဥပဒေနဲ့ တရားစွဲခံခဲ့ရတယ်။

ဒီလိုမျိုး ဥပဒေကြောင်းအရ တိုက်ကွက်ဟာ အာဏာရလူတန်းစားအတွက် အခြေခံဥပဒေအရ ရွှေရည်စိမ်တရားဝင်မှုကို ထိန်းသိမ်းခွင့်ပေးထားသလို အာဏာကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ထားနိုင်စေတယ်။ Move Forward ပါတီနဲ့ ကျွန်တော်ကိုယ်တိုင်ဟာ ဒီလိုမျိုး ဥပဒေကို လက်နက်လို မလျော်မကန်အသုံးပြုမှုကို နောက်ဆုံးခံလိုက်ရတဲ့ သားကောင်တွေ ဖြစ်လာခဲ့ပါတယ်။

မတိကျမရေရာတဲ့ အကြောင်းပြချက်တွေနဲ့ ကျွန်တော့်ကို ပါလီမန်အမတ်အဖြစ်ကနေ ရပ်ဆိုင်းခံထားရတဲ့ ရက် ၁၉၀ ကာလနောက်ပိုင်းမှာ ကျွန်တော်ဟာ အခြားတိုးတက်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့အတူ ရွှေ့ဆိုင်းထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ ကျွန်တော်တို့ တိုးတက်တဲ့လှုပ်ရှားမှုရဲ့ ဖခင်ဖြစ်တဲ့ Future Forward ပါတီကို ဖျက်သိမ်းပစ်လိုက်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ၂၀၁၉ ခုနှစ်က လျှပ်တပြက်ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့မှုကြောင့် ဒီလို စွဲချက်တင်ခံခဲ့ရတာပါ။

ဒီဆန္ဒပြပွဲတွေဟာ မီးရထားဝန်ဆောင်မှုတွေကို အနှောင့်အယှက်ဖြစ်စေတယ်၊ အများပြည်သူတွေရဲ့ ခရီးသွားလာမှုအပေါ် အဟန့်အတားဖြစ်စေတယ်၊ လက်သင့်ခံလို့မရအောင် ဘုရင့်နန်းတော်နဲ့ နီးကပ်လွန်းတဲ့ နေရာတွေမှာ ဒီဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ တရားရုံးဘက်က အခိုင်အမာ ပြောပါတယ်။ ကျွန်တော်တို့ရဲ့ အယူခံဝင်မှုကို ဆက်လက်လုပ်ဆောင်နေပါတယ်။

တရားစီရင်ရေးယန္တရားကို လက်နက်လို အသုံးချမှုဟာ ဩဂုတ်လ ၇ ရက်နေ့မှာ အထွတ်အထိပ်ရောက်တော့မှာပါ။ အဲဒီနေ့မှာ Move Forward ပါတီကို ဖျက်သိမ်းရေးအလားအလာအပေါ် တရားရုံးက ဆုံးဖြတ်ချက်ချမှာပါ။ lèse-majesté ဥပဒေကို ပြင်ဆင်ဖို့ ကျွန်တော်တို့ရဲ့ အဆိုပြုချက်ဟာ ဘုရင်ကို နိုင်ငံရဲ့ ဥသျှောင်အဖြစ် နေရာပေးထားတဲ့ ဒီမိုကရေစီအစိုးရစနစ်ကို ဖယ်ရှားဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်နဲ့ အခြေခံဥပဒေခုံရုံးက စွဲချက်တင်ထားပါတယ်။

မကြာမီထွက်ပေါ်လာမယ့် တရားရုံးဆုံးဖြတ်ချက်ဟာ ထိုင်းဒီမိုကရေစီအတွက် အင်မတန်အရေးကြီးပါတယ်။ တရားရုံးဆုံးဖြတ်ချက်ရဲ့ ရလဒ်ဟာ လက်ခံခွင့်ပြုပေးထားတဲ့ နိုင်ငံရေးအရ ပြောဆိုဆွေးနွေးရေးသားချက်တွေကို ပြန်လည်ဘောင်ခတ်သတ်မှတ်လာနိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ စီးပွားရေး အနာဂတ်ဦးတည်ရာလမ်းကြောင်းအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဂယက်ရိုက်ခတ်လာနိုင်ပါတယ်။

ပြစ်မှုထင်ရှားတယ်လို့ တရားရုံးဘက်က ဆုံးဖြတ်ခဲ့ရင် ဒီဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံကို ဝရုန်းသုန်းကားကာလထဲ ဦးစောက်ကျွမ်းပြန် ထိုးကျသွားစေနိုင်ပါတယ်။ နိုင်ငံရေးအရကြည့်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်ဟာ လူသန်းပေါင်းများစွာရဲ့ မဲပေးပိုင်ခွင့်ကို ရုတ်သိမ်းသွားမှာ ဖြစ်သလို အုပ်ချုပ်သူလူတန်းစားအပေါ် မကျေမနပ်ဒေါသတွေ ပိုနက်ရှိုင်းလာစေနိုင်ပါတယ်။ စီးပွားရေးအရကြည့်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်က ရင်းနှီးမြှုပ်နှံသူတွေကို တွေဝေသွားစေနိုင်ပါတယ်။ ဝင်ငွေလတ်ထောင်ချောက်ထဲကနေ တိုင်းပြည်ရဲ့ ရုန်းထွက်နိုင်စွမ်းအပေါ် သံသယဝင်လာစေနိုင်ပါတယ်။

Move Forward ပါတီအပေါ် လူထုထောက်ခံမှုနှုန်းဟာ ၅၀ ရာခိုင်နှုန်းနား နီးကပ်နေတယ်လို့ လူထုသဘောထားစစ်တမ်းတွေက ဖော်ပြနေပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်အပါအဝင် ပါတီခေါင်းဆောင်တွေဟာ ပရမ်းပတာအခြေအနေနဲ့ လူတွေ အသက်အန္တရာယ်ကျရောက်ရမယ့် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်လာအောင် အားပေးတိုက်တွန်းတာမျိုးကို ရှောင်ရှားခဲ့ပါတယ်။

မြို့တော် ဘန်ကောက်ရဲ့ လမ်းမတွေပေါ်က မငြိမ်မသက်မှုဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီကို ထပ်ပြီး နောက်ကြောင်းပြန်လှည့်သွားစေမယ့် နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခုအတွက် အကြောင်းပြစရာ ဖြစ်သွားနိုင်ပါတယ်။

အတော်လေးကို ဒီမိုကရေစီမဆန်တဲ့ ထိုင်းနိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစံတန်ဖိုးတွေ အသက်ဝင်ရုပ်လုံးကြွလာအောင် လုပ်ဖို့ဆိုတာ ရေရှည်ကြိုးစားရုန်းကန်သွားရမယ့်ခရီးရှည် ဖြစ်တယ်ဆိုတာကို နားလည်လက်ခံပြီး မဲပေးတဲ့ဖြစ်စဉ်အပေါ် ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေ ယုံကြည်မှုဆက်ရှိနေဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ .

တရားဝင်နိုင်ငံရေးမျက်နှာစာမှာ ကျွန်တော် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုဟာ ရွေးကောက်ပွဲနိုင်ငံရေးထဲ ဆက်လက်ပြီး အပြည့်အဝ ပါဝင်လှုပ်ရှားနေဦးမှာ ဖြစ်ပါတယ်။ Move Forward ပါတီဟာ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီစံတန်ဖိုးတွေကို ကိုယ်စားပြုပါတယ်။

ဩဂုတ်လ ၇ ရက်နေ့ တရားရုံးဆုံးဖြတ်ချက်နောက်ပိုင်းမှာ ကျွန်တော်တို့ပါတီကို ထပ်ပြီး ဆက်ခံအစားထိုးသွားမယ့် ဘယ်နိုင်ငံရေးပါတီမဆို ဒီစံတန်ဖိုးတွေကိုပဲ ကိုယ်စားပြုပါတယ်။ ကျွန်တော်တို့ ကိုယ်စားပြုတဲ့ ဒီမိုကရေစီစံတန်ဖိုးတွေကို ပြည်သူတွေ ပိုလက်ခံလာတာနဲ့အမျှ ရှိရင်းစွဲအာဏာအနေအထားကို ထိန်းသိမ်းဖို့အတွက် အာဏာရရေပေါ်ဆီတွေဘက်က ဥပဒေကို လက်နက်လိုအသုံးပြုမှုနဲ့ ရေတိုဆေးမြီးတိုတွေဟာ ရေရှည်မှာ အမြဲတမ်းအလုပ်ဖြစ်နေမှာ မဟုတ်တော့ပါဘူး။

ခရိုင်အဆင့် ရွေးကောက်ပွဲတွေဟာ ဒီနှစ်ထဲမှာ ကျင်းပသွားဖို့ ရှိတယ်။ မြို့တော်ဝန်ရွေးကောက်ပွဲတွေက နောက်နှစ်မှာ ကျင်းပသွားဖို့ ရှိတယ်။ ဘန်ကောက်အထူးဒေသရဲ့ အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲက ၂၀၂၆ မှာ ကျင်းပသွားဖို့ ရှိတယ်။ ပြည်လုံးကျွတ်အထွေထွေ ရွေးကောက်ပွဲက ၂၀၂၇ မှာ ကျင်းပသွားဖို့ ရှိတယ်။

ဒီရွေးကောက်ပွဲတွေဟာ လူထုရဲ့ ဆန္ဒကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ထိထိရောက်ရောက် ထုတ်ဖော်ပြသဖို့ အခွင့်အရေးပေးထားပါတယ်။ ကျွန်တော်တို့ လှုပ်ရှားမှုနဲ့ အတူ ကျွန်တော်တို့နဲ့ စံတန်ဖိုးတူတဲ့ မိတ်သဟာတွေက ဒီရွေးကောက်ပွဲတွေမှာ သန်သန်မာမာ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးမျှော်လင့်ခံထားရပါတယ်။

ပိုကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ဆီသွားမယ့် ထိုင်းနိုင်ငံရဲ့ ခရီးလမ်းဟာ အများယုံကြည်လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေကတစ်ဆင့် ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုတွေမှာ တည်ရှိနေပါတယ်။ အောက်ခြေပြည်သူလူထုကြားက မြစ်ဖျားခံပေါက်ဖွားလာတဲ့ အပြောင်းအလဲကြားမှာ တည်ရှိနေပါတယ်။ နောက်ဆုံးမှာ လူထုဟာ တရားဥပဒေနည်းလမ်းကျစွာ အောင်ပန်းဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

(Pita Limjaroenrat ဟာ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အထိ Move Forward ပါတီရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာတော့ Move Forward ပါတီရဲ့ အဓိကအကြံပေးအဖြစ် ဆောင်ရွက်နေတယ်။)

ဈာန်ဟိန်း