မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့တွင် ယနေ့ ညပိုင်းက စစ်ကောင်စီတပ် ကင်းလှည့်လာစဉ် မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သည် ပလမြို့မှထွက်လာပြီး ဇာဒီတောင်လမ်းဆုံ၌ လှည့်ကင်းတွင် ထပ်မံပူးပေါင်းလာမည့်သူများကို စောင့်ဆိုင်းနေချိန် မိုင်းနှစ်လုံးပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။
ယနေ့ ဩဂုတ်လ ၁၇ရက် ည ၇နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒဏ်ရာရသူများကိုလည်း တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောဆိုသည်။
ထိခိုက်ဒဏ်ရာရသူ မည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
မိုင်းဆွဲခံရပြီးနောက် ယင်းနေရာ၏ တောင်ဘက်တွင် ရှိသည့် တန်းရှင်းကျေးရွာဖက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေပြီး ပစ်ခတ်သံများကို ည ၇ နာရီခွဲအထိ ဆက်တိုက်ကြားကြောင်း ဒေသခံများက ဆိုသည်။
“လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ ဗြောင်းဗြောင်းညံပဲ။ လက်နက်ကြီးတွေနဲ့လည်း တစ်လုံးပြီးတစ်လုံး ထနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား ထိခိုက်မှု ရှိမရှိကိုမူ လတ်တလောတွင် မသိရသေးကြောင်း ဒေသခံများက ဆိုသည်။
ဩဂုတ်လ ၁၅ ရက်နေ့ကလည်း ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်၊ စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်သူဟု သတင်းထွက်သူနေအိမ်တို့ မိုင်းဆွဲမီးရှို့ ခံခဲ့ရသည်။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ်အချို့ မီးရှို့ခံရခြင်း၊ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များနှင့် ကျေးရွာများရှိ ပျူသောထီးစခန်းများ ဆက်တိုက် တိုက်ခိုက်ခံနေရသည်။