BREAKING
February 27, 2025

ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးအဖမ်းခံရ

August 17, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ မမီးကမ်းဆိုသူဖြစ်ပြီး ပလမြို့မှ အသီးအရွက်၊ သားငါးများကို ဆိုင်ကယ်ဖြင့် နံနက်ပိုင်းတွင် သွားဝယ်ပြီး ဇရပ်ဆိပ်ရွာအတွင်း တနိုင်တပိုင်ဈေးရောင်းချနေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ 

ယနေ့ ဩဂုတ်လ ၁၇ရက်တွင်မူ မမီးကမ်းကို ပလမြို့လမ်းဆုံ၌ စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း ပလမြို့ခံတစ်ဦးက ပြောသည်။  

“ဒီကနေ့ ကြက်တွန်နပ် (နံနက်) ၄ နာရီလောက်မှာ အဖမ်းခံရတယ်ကြားတယ်။ ဘာကြောင့်ဖမ်းသွားလည်းတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ 

မမီးကမ်း ဈေးဝယ်ရန်စီးလာသည့် ဆိုင်ကယ်ကို ပလမြို့ရဲစခန်းတွင် တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။ 

ဩဂုတ်လ ၁၅ ရက်နေ့က ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်နှင့် စစ်ကောင်စီနှင့် ပတ်သက်ဆက် နွယ်သူဟု သတင်းထွက်သူ၏ နေအိမ်တို့ မိုင်းဆွဲမီးရှို့ ခံခဲ့ရသည်။ 

ယင်းနောက် စစ်ကောင်စီတပ်က ကျေးရွာများဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အပြင် မြို့ပေါ်တွင် အစစ်အဆေးလည်း တင်းကျပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။