လေညာရပ်ကွက်ထဲသို့ ခြေချ လိုက်မိသည်နှင့် ဟိုနားတကျွီကျွီ ဒီနား တကျွမ်ကျွမ်ဖြင့် ရပ်ကွက်လမ်းတစ် လျှောက်အတိုင်းသား ကြားရသည်။
ရပ်ကွက်နှစ်ခုပေါင်းလျှင် အိမ်ခြေ သုံးရာခန့်ရှိသည့် ယင်းနေရာတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ထိုအသံမျိုး မကြားရတတ်။
ပုံမှန်အတိုင်းကွမ်းစိုက်သူစိုက်၊ လေညာမြစ်ထဲဆင်းကာ ရေချိုပုစွန် ဖမ်းသူ ဖမ်း၊ ရော်ဘာခြစ်သူ ခြစ်၊ ဓနိဖက် ခုတ်သူ ခုတ်ဖြင့် လက်လှုပ်မှ ပါးစပ်လှုပ်ခဲ့ကြရသည့် အခြေအနေသည် ပြောင်းလဲသွားခဲ့ပြီ။ ဘုရားသခင်က သူတို့ကို အေးအေးလူလူ အိမ်နေရင်း ထမင်းစားနိုင်ရန်အတွက် လက်ဆောင်တစ်ခုကို ချပေးခဲ့သည်။
ယင်း လက်ဆောင်က “ဇီဝဇိုး ငှက်”။
“ဘုတ်ပြင်းမြို့နယ်မှာတော့ ရွာတိုင်းလိုလို ခုဆိုရင် ဒီအလုပ်ပဲ လုပ်လာ ကြပြီ” ဟု ငှက်မွေးမြူရေးလုပ်သက် ဆယ်နှစ်နီးပါးခန့်ရှိသည့် ကိုဖြိုးဇော်သက် က ပြောသည်။
သွားလာလည်ပတ်ရန် နေရာသိပ်မရှိဘဲ နာမည်နှင့်လိုက်ဖက်စွာပင် ပျင်းစရာကောင်းသည်ဟု အခြားဒေသခံ အချို့က စနောက်ပြောဆိုလေ့ရှိသည့် ဘုတ်ပြင်းသည် ဇီဝဇိုးငှက်များအတွက်တော့ ပျင်းစရာမဟုတ်၊ ပျော်စံရာနေရာ တစ်ခုဖြစ်နေသည်။
ဘုတ်ပြင်းမြို့နယ်သည် သဘာဝအရ တောတောင်ထူထပ်သည့် ဒေသတစ်ခုဖြစ်သည်။
ယင်းကပင် ဇီဝဇိုးငှက်များ မွေးမြူ လုပ်ကိုင်ရန် အခြေအနေကောင်းတစ်ရပ် ဖြစ်နေသည်။
“မြို့ပြနဲ့စာရင် တောနဲ့နီးစပ်တဲ့ နေရာက သူတို့အတွက် အကောင်းဆုံး စားကျက်ဖြစ်နေတာပေါ့” ဟု ကိုပြည့်ဖြိုးဟန် က မှတ်ချက်ပေးသည်။ သူသည်လည်း ဘုတ်ပြင်းမြို့နယ်အတွင်း ဇီဝဇိုးငှက်မွေးမြူပြီး ကုန်ချောအဖြစ် ထုတ်လုပ် ရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။
မြိတ်မြို့နယ်တွင် အလားတူငှက် ခေါ်သည့် အိမ်အများအပြားရှိသည့်တိုင် ဘုတ်ပြင်းမြို့နယ်လောက် ငှက်အဝင် အထွက်လုပ်နေသည့် အိမ်ကိုသိပ် မတွေ့ ရ။
လူအများအပြားသည် ဇီဝဇိုးငှက်သိုက်ကို အကြိုက်တွေ့ကြသည်။ မက်မက် မောမော ရှိကြသည်။ ဈေးကြီးပေး၍ ဝယ်ယူစားသုံးကြသည်။ သဘာဝအာဟာရ အားဖြည့်အစာ။
ယင်းငှက်တို့၏ အန်ဖတ်ဖြင့်လုပ်သည့်အသိုက်မှာ တစ်ပိဿာလျှင် ကျပ်သိန်းနှစ်ဆယ်မှ သိန်းလေးဆယ်အထိ ဈေးရှိသည်။ ငွေကြေးပြည့်စုံသူတို့သာလျှင် ဝယ်စားနိုင်သည့် အရာဖြစ်သည်။
“ဒီငှက်တွေက ဘုန်းကြီးကျောင်းမှာ စပြီး လာနေကြတာ”ဟု လေညာ အရှေ့ရပ်ကွက်နေ အသက် ၆၄ နှစ်ရှိ ဦးကြည်ရှိန်က ပြောသည်။
လွန်ခဲ့သည့် ၁၁ နှစ်ခန့်က လေညာအရှေ့ရပ်ကွက်ရှိ ငြိမ်းချမ်းရေးဘုန်းတော် ကြီးကျောင်း၌ ပဋ္ဌာန်းပွဲကျင်းပနေစဉ် အဆိုပါငှက်များ လာရောက်၍ ကျောင်း မျက်နှာကြက်တွင် စတင်နေထိုင်ခဲ့ကြောင်း အသက် ၆၄ နှစ်အရွယ် ဦးကြည်ရှိန်က ပြောသည်။ အစဦးတွင် ဇီဝဇိုးငှက်ဟူ၍ သူတို့ မသိကြခဲ့။ မည်သည့်ငှက်ဟုလည်း မသိ။
ငှက်များနေထိုင်ပြီးသိပ်မကြာ၊ သွပ်အမိုးအပူရှိန်ကြောင့် ငှက်တချို့သေဆုံး သွားသဖြင့် ၎င်းတို့နေထိုင်ရန်သင့်လျော် သည့် အခြားအဆောက်အဦတစ်လုံးကို ဂေါပကအဖွဲ့က ပြုလုပ်ပေးခဲ့သည်။
ယင်းနောက် တဖြည်းဖြည်းနှင့် ရပ်ကွက်အတွင်းရှိ အိမ်အချို့တွင်လည်း ယင်းငှက်များ လာရောက်နေထိုင်လာကြ သည်။
ဇီဝဇိုးငှက်တို့သည် တနင်္သာရီတိုင်း ကမ်းရိုးတန်းဒေသတွင် သဘာဝအတိုင်း ရှင်သန်နေထိုင်ခဲ့ကြသည်။ တောတောင် များ၊ လှိုင်ဂူများတွင် အသိုက်ဆောက်ကြ သည်။ အသိုက်သည် ခွန်အားကိုဖြစ်စေသည့် ဆေးဖက်ဝင်ပစ္စည်းအဖြစ် လူများစွာက တန်ဖိုးထားမှီဝဲကြရာ ယင်းအသိုက်ကို ရှာဖွေရောင်းချရင်း ဈေးကွက်တစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်မှာ လွန်ခဲ့သည့် နှစ်များစွာကပင် ဖြစ်သည်။ ယခုဆိုလျှင် ငှက်သိုက်မှ ရရှိသည့် ဝင်ငွေသည် တနင်္သာရီတိုင်း၏ အဓိကဝင်ငွေတစ်ခု ဖြစ်နေသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကမူ ဇီဝဇိုးငှက်တို့အကြောင်း မသိခဲ့သော်လည်း ယခုအခါတွင် လေညာ ရပ်ကွက်အတွင်းရှိ နေအိမ်များ၏ အပေါ် ထပ်သည် ယင်းငှက်များအတွက် သီးသန့် နေအိမ်များ ဖြစ်သွားကြပြီ။
တစ်နည်းအားဖြင့် ဇီဝဇိုးငှက် မွေးမြူရေးခြံများ ဖြစ်သွားကြပြီ။ အိမ်အပေါ်ထပ်တွင် ငှက်တို့နေထိုင်ပြီး အောက်ထပ်တွင် လူများက နေထိုင်သည်။ တတ်နိုင်သူများ ကမူ ငှက်တို့အတွက် သီးသန့်အဆောက် အဦဆောက်လုပ်ပေးထားသည်။
ဦးကြည်ရှိန်သည်လည်း တစ်နိုင်တစ်ပိုင် မွေးမြူသူတစ်ဦးဖြစ်သည်။
ဇီဝဇိုးငှက်များ၏ သဘာဝသည် အေးပြီးမှောင်နေသည့် နေရာကို သဘောကျ နှစ်ခြိုက်ကြသည်။ ယင်းအတွက် အဆောက်အဦများကို ပြင်ဆင်ပေးကြရသည်။ အချို့ဆိုလျှင် ကျပ်သိန်းရာနှင့် ချီ၍ ကုန်သည်။
“ငှက်ကလည်း မျက်နှာလိုက်တာ။ တိုက်အိမ်တွေရှိတဲ့ နေရာပဲလိုက်ကြတာ။ အေးလည်းအေး ပိုးမွှားတွေလည်း ကင်းစင်တယ်ဆိုတော့” ဟု လက်ရှိ သစ်သား အိမ်ဖြင့် ငှက်မွေးနေသူ ဦးကြည်ရှိန်က ရယ်ရင်းပြောသည်။
ဇီဝဇိုးငှက်များ နေထိုင်ရန် အိမ်တစ်လုံးဆောက်ပြီး အနည်းဆုံး နှစ်နှစ် ခန့်အချိန်ပေးရသည်။ ငှက်များ ဝင်ရောက် နေထိုင်ပြီးပြီးချင်း အသိုက်ကို ခွာယူ၍ မဖြစ်။
ယင်းသို့ လုပ်လျှင် ငှက်များက နောက်ထပ်မလာကြတော့။
ဇီဝဇိုးငှက်သိုက်သည် အမက ဥ ဥခါနီးချိန်တွင် အဖိုဖြစ်သူက သူ၏ အန်ဖတ်ဖြင့် ဆောက်လုပ်ပေးခြင်းဖြစ်သည်။
ငှက်သားပေါက်ကလေးများ အတောင်အလက်စုံ၍ ပျံသန်းနိုင်ပြီဆိုမှ အသိုက်ကို ခွာယူရသည်။
ငှက်မွေးသူများအနေနှင့် အချိန် တစ်လခွဲမှ နှစ်လ၊ သုံးလ အကြာတွင် တစ်ကြိမ် ငှက်သိုက်ခွာယူလေ့ရှိကြသည်။ အချို့က အစိတ်သား၊ သုံးဆယ်သား။ အချို့က တစ်ပိဿာအထိ ရတတ်သည်။ ကုန်ကြမ်းတစ်ပိဿာလျှင် ရွာပေါက်ဈေး တစ်ဆယ့်ငါးသိန်းခန့်ဈေးရှိပြီး ဘုတ်ပြင်းမြို့တွင်သွားရောက် ရောင်းချ ကြသူများရှိသလို မြိတ်နှင့် အခြားမြို့ များမှလည်း လာရောက်ဝယ်ယူကြလေ့ရှိ သည်။ သို့သော် ငှက်သိုက်မှာ တစ်နှစ်ပတ်လုံး ရရှိနေသည်တော့မဟုတ်ပေ။ ငှက်များသည် မိုးရာသီတွင်သာ လာကြပြီး နွေရာသီရောက်သည့်အချိန် မလာကြတော့။
ဇီဝဇိုးငှက်တို့အနေနှင့် သဘာဝအလျောက် လာရောက်နေထိုင်လေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စီးပွားဖြစ် မွေးမြူသူများက အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားပြီး ဇီဝဇိုး ငှက်သံမြည်စေသည့် ပစ္စည်းများကို အသုံးပြုကာ ငှက်များကို ခေါ်ယူလာကြသည်။
ငှက်သိုက်လုပ်ငန်းသည် မြိုးမြိုး မြက်မြက်ရှိသော်လည်း လွယ်လွယ် ကူကူတော့လည်း မရှိလှပါ။ ငှက်တို့အား မြွေ၊ ကြွက်၊ တောက်တဲ့၊ ပုရွက်ဆိတ်နီ (ဒေသခေါ် ပုရွက်ရူး)နှင့် ခြ စသည်တို့၏ ဘေးအန္တရာယ်မှ အမြဲမပြတ်ကြည့်ရှု ကာကွယ်နှိမ်နှင်းပေးရသေးသည်။
“ဒီကောင်တွေက ငှက်တွေရော၊ ဥတွေကိုပါ စားကြတာ” ဟု ကိုဖြိုးဇော်သက် က ဆိုသည်။ ပြောနေစဉ်တွင် ကော်စေ့ဖြင့် ပစ်ခတ်သည့် ကလေးကစားစရာ သေနတ်ကို ကိုင်ပြသည်။ ထိုသေနတ်ဖြင့် ခြောက်လှန့်ရသည်။
“တောက်တဲ့က အဆိုးဆုံးရန်သူပဲ”
ထို့အပြင် ဇီဝဇိုးငှက်မွေးမြူရေး လုပ်ငန်းများကို အစိုးရကလည်း ထိန်းကျောင်း ကြပ်မတ်ထားသည်။ မွေးချင်တိုင်း မွေး၍ မရ။ သစ်တောဦးစီးဌာနနှင့် စာချုပ်ဆိုကာ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ လုပ်ကိုင်ရခြင်း ဖြစ်သည်။ စာချုပ်တွင် ငှက်သိုက်ကို သားပေါက်ရာသီတွင် ငှက်သိုက် ထုတ်မယူရန်၊ အရွယ်အစား တစ်လမခွဲမကျော်လျှင်လည်း မထုတ်ယူရန် စသည့် တားမြစ်ချက်များ ပါဝင်သည်။ မဟုတ်လျှင် တောရိုင်းတိရစ္ဆာန် ကာကွယ်ရေးဥပဒေဖြင့် အရေးယူခံရနိုင်သည်။
တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနစာရင်းများအရ တိုင်းအတွင်း ဇီဝဇိုးငှက်သိုက် စုဆောင်းထုတ်ယူခွင့်လိုင်စင်(စာချုပ်) ရှိသည့် အိမ်အရေအတွက်မှာ ယခုနှစ်အတွင်း လေးရာနီးပါးအထိရှိလာပြီး ထားဝယ်တွင် လေးခု၊ မြိတ်တွင် ၁၉၀ ခု၊ တနင်္သာရီတွင် ၁၇ ခု၊ ကော့သောင်းတွင် ၂၃ ခုနှင့် ဘုတ်ပြင်းတွင် ၁၃၇ ခုရှိကြောင်း သိရသည်။
“ငှက်ဝင်ပြီဆိုရင်တော့ တခြားအလုပ် လုပ်စရာမလိုတော့ဘူး။ မိသားစုကောင်းကောင်း ထိုင်စားနေလို့ရတယ်” ဟု ကိုဖြိုးဇော်သက်က ပြောသည်။
ကိုဆန်း