BREAKING
December 3, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 17, 2024

[အခန်း ၇]

“ရှေးကြောန်းမလွဲ . . . ကော်ထောန်းပွဲမှာ မနည်းမေတ္တာ၊ ရှေးကပြု ဒိ ခုတွိပါ၊ သစ္စာမချို့ နှစ်ရာသို့၊ မရို့ပန်းဦး၊ ညွှန့်အဖူး ၊ ရှေးဦးနောန်က ပန်ပါ့မယ်”

ခပ်လှမ်းလှမ်းဆီမှ သီချင်းသံသဲ့သဲ့ကြားရသဖြင့် ကြည်ကြည်က ဆိုင်ကယ်ကို ရပ်လိုက်သည်။

“ရှေ့မှာ ရွာနီးပြီလား”

“စုံစင်ဖျားဆိုတဲ့ရွာရှိတဲ့နေရာကတော့..နေ့လယ်ကတည်းက . . . ကျော်လာခဲ့ပြီ..ကြားထဲမှာ ဝါးခုတ်၊ သစ်ခုတ်တဲ့ တောတိုက်လေးတွေတော့ ရှိနိုင်တယ် . . . သူတို့နဲ့တွေ့ရင်တော့ ဝင်းကဖော်ကို သွားတဲ့လမ်းမေးလို့ရမှာပဲ”

ထိုစဉ် သီချင်းသံက ရုတ်တရတ်တိတ်သွား၏။

“ကျွန်မတို့ ဆိုင်ကယ်စက်သံကို သူတို့ ကြားသွားပြီထင်တယ် . . . ရှင် . . . ဒီနေရာမှာ ငြိမ်ငြိမ်နေ”

အနီးဆီ ခြုံပင်အုပ်အုပ်ရှိရာသို့ မောင်ရိန် ကို တွဲပို့လိုက်သည်။

ထို့နောက် ဆိုင်ကယ်ကိုလည်း အနီးအနားသို့ တွန်းလာပြီး လှဲချထားလိုက်၏။

ကြည်ကြည်က ခြောက်လုံးပြူးသေနတ်ကို ကိုင်ကာ မြေကြီးပေါ်တွင် မိကျောင်းတက်ပုံစံဖြင့် ရှေ့သို့ တက်သွားသည်။

မြေပြင်ကို နားနှင့်ကပ်ကာ ခြေသံလာရာအရပ်ကို နားစွင့်နေလိုက်၏။

“တဝယ်သား . . . တဝယ်သား . . . ဒေးမူးလေး”

အနောက်မှ အသံတစ်ခုကြောင့် ကြည်ကြည်က ဆတ်ခနဲ ပက်လက်လှန်ချကာ ခြောက်လုံးပြူးသေနတ်ဖြင့် ချိန်လိုက်၏။

လက်ထဲတွင် ဓါးမရှည်ကို ကိုင်ထားသည့် အဘိုးအိုက ကြည်ကြည်ကို ပြုံးပြသည်။ အဘိုးအို၏ ကျောကုန်းတွင်လည်း ဒူးလေးကို လွယ်ထား၏။

“မြေကြီးမှာ မှောက်ပြီး . . . ဘာကိုချောင်းနေတာလဲ . . . မိစု”

“ရှင် . . . ဘယ်သူလဲ . . . လက်ထဲက ဓားကို ချထား . . . မဟုတ်ရင် . . . ပစ်မှာနော်”

ထိုအချိန်တွင် ခြုံထဲတွင် ပုန်းနေသော မောင်ရိန်းက ခြေထောက်တစ်ဖက်ထော့နင်းဖြင့် ထွက်လာသည်။

“ကြည်ကြည် . . . ခဏနေပါဦး . . . ဒီလူက ရွာသားထင်ပါတယ် . . . ဟေ့ . . . ဘဘ . . . ခင်ဗျား . . . ဘယ်ရွာသားလဲ”

ဓားမရှည်ကိုင်ထားသူက မောင်ရိန်ကို တချက်ကြည့်လိုက်၏။

“ငါ . . . ကျွဲခြံက . . . စောလားလားပဲ . . . ဖစု . . . နင်ကရော . . . ဘယ်ကလဲ”

“ဖထီး . . . ကျွန်တော်တို့ ဝင်းကဖော်ကို သွားကြမလို့ပါ . . . မနက်ကတည်းက ဒီတောထဲမှာ လမ်းပျောက်နေတာ.ခင်ဗျား လမ်းပြနိုင်မလား”

စောလားလားဆိုသော အဘိုးအိုက ကြည်ကြည့်လက်ထဲမှ ခြောက်လုံးပြူးသေနတ်ကို တစ်ချက်ကြည့်လိုက်သည်။

“နင်တို့ ပါတီဘက်က လူတွေလား”

မောင်ရိန်နှင့် ကြည်ကြည်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြ၏။

“နင်တို့ကို ဗိုလ်မှူး‌ကျော်တင့် လူတွေလားလို့ မေးနေတာ”

“ဟုတ်ပါတယ် . . . ကျွန်တော်တို့ ဝင်းဝ စခန်းကနေ ဆုတ်လာခဲ့ကြတာပါ”

“အေး . . . ငါနဲ့တွေ့လို့ ကံကောင်းတာကွာ..နင်တို့ ဝင်းကဖော်ကို မသွားကြနဲ့တော့ . . . တောင်ပျောက်ဘက်က ရွာတွေမှာ ဗမာစစ်သားတွေအများကြီးရောက်နေတယ် . . . အလယ်စု၊ ကရင်တောင်ပျောက်၊ ကျွဲခြံကြားမှာ စစ်ကြောင်းတွေထိုးထားတယ် . . . ဝင်းကဖောက . . . သခင်ဘစီတို့လည်း ဗိုလ်မှူးကျော်တင့်တို့ရှိတဲ့ စော်ဖျားကို ဆုတ်သွားကြပြီ”

“ဖထီးက . . . ဗိုလ်မှူးကျော်တင့်ကို သိလို့လား”

“ငါက . . . အရင်က KNDO ရဲဘော်ဆိုပေမယ့်..အခုတော့ . . . မုဆိုးလုပ်စားတဲ့သူပါ..ပြီးတော့ နင်တို့ ကွန်မြူနစ်ခေါင်းဆောင်သခင်ဇင်နဲ့ ငါတို့ခေါင်းဆောင်ကြီးမန်းဘဇံ က ၅၂ ခုနှစ်ကတည်းက မဟာမိတ်စာချုပ်လက်မှတ်ထိုးပြီးသားပဲလေ . . . နင်တို့ ဗိုလ်မှူးကျော်တင့် က ဂျပန်ခေတ်ကတည်းက ငါ့သူငယ်ချင်းပဲဟာ . . . သူ့လူတွေကို ငါကူညီရမယ်”

မောင်ရိန်က ကြည်ကြည့်ကို မျက်ရိပ်ပြလိုက်သည်။

ကြည်ကြည်က မြေကြီးတွင် လှဲနေရာမှ ထပြီး ခြောက်လုံးပြူးသေနတ်ကို ခါးတွင် ထိုးလိုက်၏။

“ဝင်းက‌ဖော်ကိုလည်း သွားမရတော့ဘူးဆိုတော့…”

“လောလောဆယ်တော့ ရှေ့နားမှာ ငါ့မုဆိုးတဲရှိတယ် . . . မင်းတို့ငါနဲ့အတူ အဲဒီမှာ ခဏခိုနေပေါ့ . . . မနက်က ဝါးခုတ်လာတဲ့ရွာသားတွေပြောတာတော့ . . . စစ်တပ်က အရေးကြီးတဲ့လူတစ်‌ယောက်ကို လာရှာတာလို့ပြောတာပဲ . . . ဝင်းဝမှာလည်း လူတွေသတ်သွားတယ်တဲ့”

“ကဲ . . . ဘယ်လိုလုပ်မလဲ . . . မကြည်ကြည် . . . ဒီတိုင်းဆို ဝင်းကဖော်မှာရှိတဲ့ ခင်ဗျားတူမ မိုးကြည်လည်း သခင်ဘစီ တို့နဲ့အတူ စော်ဖျားဘက်ကို ဆုတ်သွားလောက်ပြီ . . . စစ်ကြောင်းတွေကလည်း ပတ်ချာလည်ထိုးနေတာဆိုတော့”

“စော်ဖျားဆိုတာက”

“ဒီကနေ မိုင်နှစ်ဆယ်လောက်တော့ဝေးတယ် . . . လမ်းကျွမ်းတဲ့သူတွေတောင်..တစ်ရက်ခရီးသွားရတာဗျ . . . လမ်းမှာ စစ်ကြောင်းနဲ့တိုးရင် . . . ကျုပ်တို့ ဒုက္ခရောက်မယ်”

ကြည်ကြည် က ခေတ္တမျှ စဉ်းစားနေသည်။

“ခဏနေ နေဝင်တော့မယ်ဗျာ . . . ညစာလည်း ဘာမှ မစားရသေးဘူး . . . ပြီးတော့ ကျုပ်ခြေထောက်ကလည်း ပိုပိုနာလာတယ်ဗျ . . . နည်းနည်းနားမှဖြစ်မယ်”

“ဟုတ်ပြီလေ . . . ဒါဆိုလည်း ဒီဖထီး တဲမှာ ဒီတစ်ည နားကြတာပေါ့”

……………………………………………..

“ဖထီး က ကရင်သာဆိုတယ် . . . ဒီဗျင်းညှာဟန်းချက်တာက ထားဝယ်လက်ရာအတိုင်း . . . ကောင်းပဗျာ”

ဝါးခြမ်းခွက်ထဲမှ ဟင်းတစ်ဖက်ကို အင်ဖက်ထမင်းပုံထဲသို့ ထည့်နယ်လိုက်ရင်း မောင်ရိန်က ပြောလိုက်သည်။

“ဒီဟင်းကို ဘယ်လိုခေါ်တာ”

မောင်ရိန် နံဘေးမှ ကြည်ကြည်က မေးလိုက်ခြင်း။

“ထားဝယ်လိုဆို ဗျင်းညှာဟန်းပေါ့ . . . မင်းတို့ ဂံသားတွေလိုဆိုရင်တော့ . . . ငှက်ပျောအူဟင်းပေါ့လေ . . . ဘယ်လိုလဲ . . . စားကောင်းရဲ့လား”

ကြည်ကြည်က ခေါင်းညိတ်ပြလိုက်၏။

“ဒါနဲ့ . . . ဒီက မိစု က ထားဝယ်သူမဟုတ်ဘူးပေါ့”

ဖထီးက ကြည်ကြည့်ကို မေးလိုက်သည်။

“မိစု ဆိုတာ . . . ထားဝယ်လိုခေါ်တာ . . . လူငယ်တွေရှေ့မှာ တပ်ခေါ်တာမျိုးပေါ့ . . . နောက်တစ်မျိုး တဝယ်သားလို့လည်းခေါ်တယ်”

“ကောင်လေးဆိုရင်ရော”

“ဖစုလို့လည်းခေါ်တယ် ညှောဝယ်သား လို့ခေါ်တယ်”

ထို့နောက် မောင်ရိန်က ဖထီးဘက်သို့ ပြုံးပြလိုက်သည်။

“ဟုတ်တယ် . . . ဖထီး . . . သူက ထားဝယ်လူမျိုးပါ . . . ဒါပေမယ့် ရန်ကုန်မှာပဲကြီးတော့ . . . ထားဝယ်စကားကို သိပ်မတတ်ဘူး”

“အော.မြို့ကလာတာကိုး . . . ဒါကြောင့် လူပုံစံလေးက နုနုနယ်နယ်လေးဖြစ်နေတာကိုး . . . အံမယ် . . . ခြောက်လုံးပြူး ကိုင်ပုံကတော့ တကယ့်စစ်သားဟန်ပန်နော်”

ဖထီးစကားကြောင့် ကြည်ကြည် မျက်နှာတစ်ချက်ပျက်သွားသည်။

“ဒါနဲ့ . . . ဖထီ နေ့လယ်က အော်ဆိုလာတာ . . . ထားဝယ် ကော်ထောင်းသီချင်းနော် . . . ကရင်က ထားဝယ်သီချင်းလည်း ရတာပဲရော”

ဖထီးက ပြုံးလိုက်သည်။

“ငါလည်း ထားဝယ်သားတစ်ပိုင်းဖြစ်နေပြီလေကွာ . . . ဂျပန်ကိုချတုန်းက . . . ဗကပ က ကိုကျော်တင့်တို့ အခု ဗမာတပ်ထဲက ကိုဘလှ တို့ ထားဝယ်သားတွေနဲ့ချည်းတွဲခဲ့တာကိုးကွ.. ဒီသီချင်းတွေရတာပေါ့ . . . ဘာလဲ . . . ကရင်လို ဆိုတာလည်း နားထောင်ချင်လို့လား . . . ငါ အိပ်ရာထဲက ဆိုပြမယ် . . . ကွာ”

ဖထီးက သူ့ခါးကြားတွင်ရှိသော စစ်သုံးရေဗူးထဲမှ အရက်အနည်းငယ်ကို မော့ကာ တဲဘေးသစ်ပင်နှစ်ပင်ကြားတွင် တန်းထားသော ပုခက်တွင်းသို့ ဝင်သွားလေသည်။

ထို့နောက် ကရင်သီချင်းတစ်ပုဒ်ကို ဆွဲဆွဲငင်ငင်ဆိုလိုက်၏။

မီးပုံနဘေးတွင် မောင်ရိန်နှင့် ကြည်ကြည်တို့သာ ကျန်ရစ်တော့သည်။

မောင်ရိန်းက ဖထီးခပ်ပေးထားသော ရေပုံးထဲမှ ရေနှင့် လက်ဆေးရန် မတ်တပ်ရပ်လိုက်၏။ သို့သော် ခြေထောက်ဒဏ်ရာကြောင့် မနည်းအားယူနေရ၏။

ကြည်ကြည်က ရေပုံးနားသို့ထသွားကာ သူမ၏ လက်ကို ဆေးလိုက်၏၊ ထို့နောက် မောင်ရိန်အနားသို့ ရေပုံးကို ယူလာပေးသည်။

“ကျေးဇူးပါ . . . မကြည်ကြည်”

ကြည်ကြည်က ခေါင်းတချက်ညိတ်ပြပြီး မီးပုံနံဘေးတွင် ပြန်ထိုင်နေလိုက်သည်။

“ရှင်ခုန ပြောတဲ့ ကော်ထောင်းသီချင်း ဆိုတာ ဘယ်လိုမျိုးလဲ”

မောင်ရိန်က ပြုံးလိုက်၏။

“ခင်ဗျားက ထားဝယ်မှာ မကြီးခဲ့ပေမယ့် . . . ထားဝယ်ဓလေ့တွေကိုတော့ စိတ်ဝင်တစားရှိသားပဲ . . . ကော်‌ထောင်းသီချင်းဆိုတာက ၁၇ ရာစုလောက်ကတည်းက ထားဝယ်သားတွေသီဆိုခဲ့တဲ့ သီချင်းအမျိုးအစားပဲ . . . ရွာတစ်ရွာမှာ ဘုရားစေတီတည်တော့မယ်ဆို..ရွာသူရွာသားတွေအားလုံးက ဘုန်းကြီးကျောင်းမှာစုကြရတယ် . . . လူပျိုကာလသားတွေ၊ ကာလသမီးတွေက စေတီတည်တဲ့နေရာမှာသုံးမယ့် . . . သရွတ်ကော်ကို ကျေညက်စေးကပ်အောင် ထောင်းကြရတဲ့အခါ . . . ဒီသီချင်းအပြန်အလှန်ဆိုပြီး ထောင်းကြသတဲ့ . . . သီချင်းထဲမှာကိုက သရွတ်ကော်ထောင်းတဲ့အခါ ပါဝင်တဲ့ နည်းစနစ်တွေကိုပါ ထည့်စပ်ထားတော့ . . . ဒီသီချင်းကို ထိန်းသိမ်းသီဆိုခြင်းအားဖြင့် ရှေးသရွတ်ကော်ထောင်းနည်းကိုပါ အဆင့်ဆင့်လက်ဆင့်ကမ်း သိရတာမျိုးပေါ့”

“ကော်ထောင်းတဲ့ဖော်မြူလာ ကို ဝှက်ထားတဲ့သီချင်းပေါ့ . . . ဟုတ်လား”

“ဟုတ်တယ် . . . သီချင်းထဲပါတဲ့ ကော်ထောင်းနည်းဆို ကျွန်တော်ဆိုပြမယ် . . . နားထောင်”

“ထူးနသဲန အမျှစု၊ ဥသျှစ်ကျိုထုရေတမှု့၊ တန်းလဲနောက်ထပ်နှေ့မှုမှတ်၊ ကွဲကော်ငါးမု၊ ခြောက်စုအုမ်ဒုမ်၊ နော့က်နောန်မလွဲ မောန်းဆုံမ်ထဲမှာ၊ ထည့်ကာပုမ်၊ လတ်ဆုမ်နောန် မယ် တွဲရှစ်ရ၊ ဖယ်မျှဝမ်းပန်းသာတယ်လေ . . . အေ့အေ့အေ့”

“နားထောင်လို့ ကောင်းသားပဲ . . . အဓိပ္ပာယ်က ဘာတဲ့လဲ”

“ထုံးနဲ့သဲကို အညီအမျှစု၊ ဥသျှစ်သီးကျိုထားတဲ့အရည် အုန်းမှုတ်ခွက်တစ်မှုတ်၊ တင်လဲရည် နှစ်မှုတ်၊ ကျွဲကော်ရည် ငါးမှုတ်၊ အုံတုံရည် ခြောက်မှုတ် ကို မောင်းဆုံမှာ ထည့်ပုံပါတဲ့ . . . ပြီးတော့”

မောင်ရိန်က စကားကို ခေတ္တရပ်လိုက်သည်။ ထို့နောက် ရှေ့သို့ ဝဲကျနေသော သူ၏ ဆံပင်ရှည်ကောက်ကောက်များကို အနောက်သို့ လှန်တင်လိုက်၏။

ထို့နောက် မီးပုံမှ အလင်းရောင်ပြန်ဟပ်နေသော ကြည်ကြည် ၏ မျက်လုံးများကို စုံအောင်ကြည့်လိုက်သည်။

“ပြီးတော့ . . . မင်းနဲ့ကိုယ်နဲ့လက်ချင်းဆုံတွဲပြီးတော့ . . . အတူတူ.ရှေ့ဆက်အလုပ်လုပ်ရတော့မှာမို့ . . . ဝမ်းသာပျော်ရွှင်မိပါတယ်တဲ့”

စကားဆုံးသည်နှင့် မောင်ရိန်က ကြည်ကြည့်ကို ပြုံးပြီး ကြည့်နေသည်။

ကြည်ကြည်က ခြောက်လုံးပြူးသေနတ်ကို ထုတ်ကာ . . . မောင်ရိန်၏ ကောင်းနေသေးသော ညာဘက်ခြေထောက်ကို ချိန်လိုက်သည်။

“အကျိုးဆော့ . . . အကန်းမော့တဲ့ . . . စကားပုံရှိတယ် . . . ကောင်းနေတဲ့ နောက်ခြေထောက်တစ်ဖက်ပါ ပစ်ချိုးပစ်လိုက်မယ် . . . ကျွန်မကိုဘာမှတ်လဲ”

……………………………………………..

အမှောင်ကို အဖော်ပြုကာ အစာရှာကြသော တောရိုင်းတို့၏ အသံမှ အပ ညသည် တိတ်ဆိတ်လျက်။

မီးပုံမှ မီးသည်လည်း ပါးလှပ်လှပ်သာ လင်းတော့သည်။

စောလားလားဆိုသည့် ကရင်ကြီးရော၊ မောင်ရိန်းပါ သူမတဲနှင့် ခပ်လှမ်းလှမ်းရှိ စောင်ပုခက်များပေါ်တွင် အိပ်မောကျနေကြပြီ။

ကြည်ကြည်တစ်ယောက်သာ တစ်ဖက်ယက် မုဆိုးတဲကလေး၏ အပေါ်မှာ။

အိပ်မပျော်နိုင်။

“ငါ ဘာတွေလျှောက်လုပ်နေတာလဲ . . . ဘာလို့ ဒီခရီးကို ထွက်လာခဲ့တာလဲ”

ကြည်ကြည် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။

တစ်ခါမျှ မမြင်ဖူးသေးသည့် တူမတော်သည့် မိန်းကလေးအတွက် တစ်ခါမျှ မရောက်ဖူးသည့် ထားဝယ်၊ သရက်ချောင်းမြို့တို့အပြင်..ဒီတောဒီတောင်ကြီးထဲ . . . လူစိမ်းသူစိမ်းယောက်ျားတစ်ဦးနှင့် ရောက်လာခဲ့ရသည်။

“ငါ့ကိုရော . . . မိုးကြည် က သူ့အဒေါ်အဖြစ် သတ်မှတ်မှာတဲ့လား . . . ငါလာခဲ့တာ . . . မှားများမှားပြီလား”

နောက် မောင်ရိန်ဆိုသည့်သူ။ တစ်ခါတစ်ရံ သူမအပေါ် မရိုးသားသည့်အရိပ်အယောင်၊ သဘောကျသည့် အရိပ်အယောင်က ပြတတ်သေး။

သူ့ပုံစံက ဆံပင်ရှည်လိမ်ကောက်ကောက်၊ နှာတံပေါ်ပေါ်၊ အရပ်မြင့်မြင့်၊ ခန္ဓာကိုယ်ချပ်ချပ်ရပ်ရပ်နှင့်။

ယောက်ျားတယောက်အနေဖြင့် ကြည့်လို့ကောင်းသော်ငြား။

“အင်း . . . တောသားက . . . တောသားပါပဲ”

ယခု သူမ လက်ထဲတွင် သေနတ်ရှိသည်။ ဟိုကရင်ကြီးပြောစကားအရ ဒီအနီးအနားတဝိုက်မှ ရွာများတွင် တပ်မတော်စစ်ကြောင်းများလည်းရှိနေသည်။

သူတို့နှင့် သူမ အချိန်မရွေးသွားပူးပေါင်းနိုင်သည့် အခြေအနေ။

တပ်မတော်စစ်ကြောင်းနှင့် ပူးပေါင်းလိုက်ပြီး.အကျိုးအကြောင်းရှင်းပြကာ…မနက်ကပြောသည့် စောဖျားဆိုသည့် ဗကပစခန်းကို လိုက်ကာ . . . မိုးကြည်ကို ရှာဖွေမည်ဆိုလျှင်ရော။

စစ်ဆင်ရေးကိုယ်တွယ်တဲ့ တပ်မှူးက ကိုယ်ရေးကိုယ်တာကိစ္စကို လက်ခံပါ့မလား။ လက်ခံခဲ့သည့် ရှိဦး . . . တိုက်ပွဲတွေဖြစ်လာလျှင် မိုးကြည်လေး၏ အသက်အန္တရာယ်ရော စိတ်ချရပါ့မလား။

မောင်ရိန်နှင့် ဆက်လိုက်သွားရင်ရော။ သူမဟာ စစ်မှုထမ်းတစ်ယောက်ဖြစ်ကြောင်း ကွန်မြူနစ်တွေက သိသွားကြရင်ရော။

မရေရာသောအတွေးများစွာဖြင့် ကြည်ကြည် သက်ပြင်းချလိုက်၏။

“ဘာတွေများတွေးပြီး . . . ရင်မောနေတာလဲ . . . မကြည်ကြည် . . . စိတ်ချပါ . . . ခင်ဗျားတူမလေး ရှိရာကို ကျွန်တော် မရောက်ရောက်အောင် ခေါ်သွားပေးမှာပါ . . . ကတိပေးပါတယ်”

ရုတ်တရက် မောင်ရိန်အသံကြောင့် ကြည်ကြည်က ခြောက်လုံးပြူးသေနတ်ကို ဆတ်ခနဲကောက်ကိုင်ကာ ထထိုင်လိုက်သည်။

မောင်ရိန်က မီးဖိုဘေးတွင် ငုတ်တုတ်ထိုင်လျက်။

“ကျွန်တော်လည်း ခြေထောက်က နာလာလို့..အိပ်မပျော်တာနဲ့ လာ . . . ထိုင်နေတာပါ . . . ခင်ဗျား ခဏခဏ သက်ပြင်းတွေချနေတာကိုလည်း ကြားပါတယ် . . . မကြည်ကြည် . . . အိပ်မပျော်ရင်..ဒီမှာလာထိုင်ပါလား . . . စကားပြောရတာပေါ့”

ကြည်ကြည်က သေနတ်ကို သူမ ခါးတွင် ထိုးလျက် . . . အောက်သို့ ဆင်းလာသည်။

မောင်ရိန် နှင့် မျက်နှာချင်းဆိုင် သစ်တုံးပေါ်တွင် ထိုင်လိုက်၏။

“မကြည်ကြည်က ထားဝယ်ကို တစ်ခါမှ မရောက်ဖူးခဲ့ဖူးလား”

“ဟုတ်တယ် . . . ကျွန်မလေးနှစ်သမီးမှာ အဖေနဲ့အမေ ကွဲတယ် . . . အမေက အစ်မရီရီ ကို ခေါ်ပြီး ထားဝယ်ကို ပြန်သွားခဲ့တာ . . . အမှန်အတိုင်းပြောရရင်း .အမေမဆုံးခင်ကရော . . . အမရီရီ တောမခိုခင်ကာလအထိ သူတို့နဲ့ ကျွန်မ တစ်ခါမှ အပြင်မှာ မတွေ့ဖူးခဲ့ဘူး . . . စာချင်းသာအဆက်အသွယ်ရှိခဲ့တာပါ”

“ဒါနဲ့များတောင်.ခင်ဗျားက တစ်ခါမှ မတွေ့ဖူးတဲ့ အစ်မရဲ့ သမီးကို ဒီလောက်အန္တရာယ်များတဲ့နေရာအထိ လိုက်ရှာတယ်နော်”

“ကျွန်မ အဖေက တစ်ဦးတည်းသောသား၊ အဖေနဲ့ အမေကွဲပြီးတော့လည်း အဖေဟာ အရက်နဲ့ လောင်းကစားထဲမှာပဲ အချိန်ဖြုန်းနေခဲ့တာ၊ ကျွန်မက အဘိုးအဘွားနဲ့ နေခဲ့ရတာ . . . အခုတော့ အဘိုးအဘွားရော၊ အဖေရော မရှိတော့ပါဘူး၊ ထားဝယ်မှာရှိနေတဲ့ အမေ နဲ့ အစ်မ ကလည်း ဆုံးသွားပြီ၊ မိုးကြည်လေးဟာ ကျွန်မရဲ့ တစ်ဦးတည်းသော သွေးရင်းသားရင်းမိသားစုဝင်ပဲ။ သူ့အတွက် သူ့အနာဂတ်အတွက် ကျွန်မမှာ တာဝန်ရှိတယ်။ ဒါကြောင့် . . . သူ့ကို မရရအောင် ခေါ်ပြီး ပြုစုပျိုးထောင်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တာပဲ”

“လေးစားပါတယ် . . . မကြည်ကြည်..ခင်ဗျား မှာ ခင်ဗျားအစ်မ ရဲဘော်မရီရီ လိုပဲ ခိုင်မာပြတ်သားတဲ့ စိတ်မျိုးကို ကျွန်တော်တွေ့ရပါတယ် . . . မရီရီကတော့ ထားဝယ်ဒေသကို ချစ်မြတ်နိုးပြီး . . . ဒီဒေသအတွက်ပဲ အသက်ပေးသွားရရှာတယ်”

“ဒီဒေသအတွက်ဟုတ်လား . . . ရှင်တို့ က ကွန်မြူနစ်တွေမဟုတ်လား . . . ဒီဒေသမှာ ရှင်တို့ ဖန်တီးတာက အစိုးရကို ပုန်ကန်တဲ့ စစ်ပွဲတွေကလွဲပြီး ဘာများ ရှိလို့လဲ”

ကြည်ကြည်၏ စကားကို မောင်ရိန် က ခွန်းတုံ့မပြန်ဘဲ သဘောတကျပြုံးလိုက်သည်။

“ကျွန်တော်တို့ ထားဝယ်ဒေသဟာ ခရစ်နှစ် (၇၅၁) ခုနှစ်လောက်ကတည်းက မြို့ဟောင်းတွေတည်ရှိခဲ့တဲ့နေရာပါ . . . (၁၆)ရာစု တပင်ရွှေထီးဘုရင်ခေတ်ကစလို..ဒီနေ့ကာလအထိ. ခေတ်အဆက်ဆက် စစ်လမ်းကြောင်းပေါ်မှာ ကျရောက်ခဲ့ရတဲ့နေရာပါ . . . မကြည်ကြည်..စစ်ပွဲရဲ့အနိဌာရုံတွေကို ဒီဒေသခံတွေဟာ သမိုင်းနဲ့ချီပြီး ခံစားခဲ့ကြရတာ . . . အခု ဗမာစစ်တပ်က အညှိုးတကြီးနဲ့ လိုက်နှိမ်နင်းသတ်ဖြတ်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ရဲဘော်တွေ၊ ထားဝယ်အမျိုးသမီးသမဂ္ဂဝင်တွေဟာလည်း တစ်ချိန်က ဗမာ့လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့သူတွေ၊ ဘီအိုင်အေ တပ်တွေ ယိုးဒယားကနေ ကန်ချနာဘူရီလမ်းကြောင်းအတိုင်း ဗမာပြည်ထဲဝင်ချိန်မှာ ကူညီပေးခဲ့သူတွေချည်းပါပဲ”

“ဟုတ်ပါပြီ . . . ကျွန်မ အစ်မ ပါဝင်ခဲ့တဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂ ဆိုတာကိုတော့ စိတ်ဝင်စားတယ် . . . သူတို့ကရော . . . ဗကပ က ဖွဲ့ပေးထားတဲ့အဖွဲ့အစည်းပဲလား”

“ဒီလိုဗျ . . . ဗမာပြည်ကွန်မြူနစ်ပါတီ က ၁၉၃၉ မှာ စတင်ဖွဲ့စည်းတယ်။ ထားဝယ်အမျိုးသမီးသမဂ္ဂကတော့ အဲ့ဒီမတိုင်ခင် ၁၉၃၈ ခုနှစ်၊ ၁၃၀၀ ပြည့်အရေးတော်ပုံကာလမှာ စတင်ဖွဲ့စည်းခဲ့တာ။ အဲ့ဒီတုန်းကတော့ သပိတ်စုရပ်ဖြစ်တဲ့ ထားဝယ်ဈေးကြီးမှာ စတင်ဖွဲ့စည်းခဲ့ကြတာမို့လို့ ဈေးကြီးသမဂ္ဂလို့ လည်းခေါ်ကြတယ်။ ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ မူဝါဒကတော့ ဝံသာနုစိတ်ဓာတ်နဲ့ လုံးဝလွတ်လပ်ရေးပဲ။ ကျွန်တော်ခုနပြောသလို အင်္ဂလိပ်တော်လှန်ရေးရော၊ ဖက်ဆစ်တော်လှန်ရေးမှာပါ ထားဝယ်အမျိုးသမီးသမဂ္ဂဟာ တခြားအဖွဲ့အစည်းတွေ နဲ့အတူ အမြဲလက်တွဲခဲ့တာပဲ။ တစ်ခုရှိတာက သမဂ္ဂခေါင်းဆောင်တွေထဲ ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေရဲ့ဇနီးတွေ ပါနေကြတာပဲ။ ဥပမာ – သခင်ဗသိန်းတင်ရဲ့ ဇနီး ဒေါ်မိမိလေးတို့၊ သခင်ဗစီ ရဲ့ ဇနီး သခင်မဒေါ်အားရှာတို့ပေါ့။ ခင်ဗျားရဲ့အစ်မ မရီရီဟာလည်း သမဂ္ဂခေါင်းဆောင်တွေထဲ ပါတာပေါ့ . . . ဗကပ တောခိုသွားတဲ့အခါ ဖဆပလအစိုးရက ကွန်မြူနစ်ပါတီနဲ့ မိတ်ဖက်လိုဖြစ်နေတဲ့ ထားဝယ်အမျိုးသမီးသမဂ္ဂကိုလည်း တစ်ခါတည်း ဖြိုခွင်းဖို့ ကြိုးစားတော့တာပေါ့ဗျာ”

“အင်း . . . ရှင်က . . . အတော်လေးကို ပြောနိုင်ဆိုနိုင်တာပဲ . . . ကျွန်မ ရှင့်နဲ့ စကားပြောမိတိုင်း သတိထားမိတာ တစ်ခုရှိတယ် . . . ရှင်က ထားဝယ်သမိုင်းကြောင်းနဲ့ပတ်သက်ရင် ခုနှစ်သက္ကရာဇ်တွေနဲ့ပါ ထည့်ထည့်ပြောနိုင်တာပဲ . . . ရှင်က စာအတော်လေး ဖတ်ထားပုံပဲ . . . ရှင့်စာဖတ်အား . . . ဘယ်လိုလုပ် တောထဲက သူပုန်ဖြစ်နေလဲ . . . ကျွန်မ စဉ်းစားမိတယ်”

မောင်ရိန်က ဟက်ဟက်ပက်ပက်ရယ်လိုက်သည်။

“ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ သမိုင်းပညာအဓိကနဲ့ ဘွဲ့လွန်တက်ခဲ့တဲ့သူတစ်ယောက်ပါ . . . ပါမောက္ခလုစ်တို့. ဒေါက်တာသန်းထွန်းတို့ရဲ့ တပည့်ပေါ့ . . . ၅၃ ခုနှစ်မှာ ဝေဒီမြို့ဟောင်းနဲ့ပတ်သက်တဲ့ ဘွဲ့လွန်စာတမ်းကို ပြုစုဖို့ ကျွန်တော်ထားဝယ်ကို ပြန်လာချိန်မှာမှ တောခိုဖြစ်ခဲ့တာ”

ကြည်ကြည်က မောင်ရိန်ကို တအံတဩကြည့်လိုက်သည်။

“ဪ . . .ရှင်က တက္ကသိုလ်ကျောင်းသားကိုး . . . ဒါနဲ့များ”

“ကျွန်တော် ကွန်မြူနစ်ဘာလို့ဖြစ်ရလဲ . . . သိချင်တာမဟုတ်လား . . . ဖြစ်သင့်လို့ ဖြစ်နေရတာပါ . . . လူထုလူတန်းစားတိုက်ပွဲက ကျွန်တော့်ယုံကြည်ချက်ပဲ . . . နောက်ပြီးတော့ . . . ဒီဒေသက လူတွေအပေါ်မှာ ကျွန်တော်တို့ မျိုးရိုးစဉ်ဆက် သမိုင်းကြွေးတွေတင်နေခဲ့တယ်”

“ဘယ်လို . . . ရှင်ပြောတာ ကျွန်မ နားမလည်ဘူး”

“ကျွန်တော့်အဘိုးရဲ့ အဖေ ဟာ အင်္ဂလိပ်နယ်ချဲ့ကို ပထမဆုံးတော်လှန်ခဲ့တဲ့ ထားဝယ်သားတစ်ယောက်ပဲ၊ သူ့နာမည်က ရေဝန်ဦးဒါ တဲ့။ ဒါပေမယ့် . . . သမိုင်းမှာတော့ . . . အဘိုးဟာ ဒီထားဝယ်ဒေသကို အင်္ဂလိပ်တွေလက်ထဲ ထိုးအပ်ခဲ့တဲ့ သစ္စာဖောက်တစ်ယောက်လို့ပဲ မှတ်တမ်းတင်ခံခဲ့ရရှာတယ် . . . ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင်တော့ . . . ကျွန်တော်ပြောပြချင်ပါတယ်”

“အင်း . . . ကျွန်မ စိတ်ဝင်စားပါတယ် . . . အိပ်မပျော်မယ့်အတူတူတော့ . . . နားထောင်မယ်လေ”

မောင်ရိန်က ခေါင်းညိတ်ပြလိုက်သည်။

သူ၏ မျက်လုံးများသည် ရှေ့တူရှုရှိ မီးတောက်မီးလျှံများကို စူးစူးစိုက်စိုက်ကြည့်နေရင်း။

“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀ ကျော်တုန်းကပေါ့……………………”

ခက်ဇော်

အခန်း ၈ ကိုဆက်လက်ဖတ်ရှုရန် >>>