BREAKING
January 17, 2025

ဘန်ကောက်ဟိုတယ် ၆ လောင်းပြိုင်သေဆုံးမှု အချင်းချင်း အဆိပ်ခတ်သတ်ဟု ရဲတပ်ဖွဲ့ထုတ်ပြန်

July 17, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နာမည်ကြီးဇိမ်ခံဟိုတယ်တစ်ခုတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုတွင် အကြွေးကိစ္စများကြောင့် အချင်းချင်းအဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

ဘန်ကောက်မြို့လယ်ရှိ ဟိုတယ်အခန်းထဲတွင် အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး သေဆုံးခဲ့မှုအတွက် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) အပါအဝင် ထိုင်းရဲတပ်ဖွဲ့၊ ဗီယက်နမ်အာဏာပိုင်များနှင့် ပူးပေါင်းဖြေရှင်းခဲ့ပြီးနောက် အမှုဖြေရှင်းချက်ကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

သေဆုံးသူများသည် ဆိုင်ရာနိုက် (cyanide) အဆိပ်ပါဝင်သော ကော်ဖီနှင့် လက်ဖက်ရည်ကို သောက်သုံးပြီးနောက် သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူ ခြောက်ဦးအနက် တစ်ဦးတွင် ဒေါ်လာ ၂၇၈,၀၀၀ ကျော် အကြွေးပြဿနာရှိနေပြီး အကြွေးကိစ္စနှင့်ပတ်သက်၍ တစ်ဦးက ကျန်သူများကို အဆိပ်ခတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုသည်။

အဆိပ်ခတ်သတ်သူကလည်း နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့သည်ဟု ဆိုထားသည်။

သေဆုံးသူများမှာ အမေရိကန်-ဗီယက်နမ် နိုင်ငံသား ၂ ဦးနှင့် ဗီယက်နမ် နိုင်ငံသား ၄ ဦးဖြစ်ကြပြီး အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးဖြစ်ကြသည်။

အမှုနှင့်ပတ်သက်၍ အလောင်းရင်ခွဲစစ်ဆေးမှုရလဒ်များ၊ သက်သေအထောက်အထားများ၊ သေဆုံးသူများ၏ ဆွေမျိုး ၁၀ ဦးကျော်တို့ကို စစ်ဆေးမေးမြန်းပြီးနောက် ယနေ့ နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

CCTV မှတ်တမ်းများအရ နိုင်ငံခြားသား ၅ ဦးစလုံး ဟိုတယ်သို့ ကိုယ်တိုင် Check in ဝင်ရောက်ခဲ့ပြီး တစ်ဦးသည် ထိုင်းနိုင်ငံသို့ ပထမဦးဆုံး ရောက်ဖူးသူဖြစ်ကာ သေဆုံးသူများထဲက ဇနီးနာမည်ဖြင့် ဟိုတယ်သို့ ဝင်ရောက်လာသူဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၁၅ ရက်နေ့အထိ လူသေဆုံးမှုဖြစ်ခဲ့သော အခန်းနံပါတ် ၅၀၂ သို့ အစားအသောက်ပို့ဆောင်သော ဝန်ထမ်းမှအပ ကျန်သူများ ဝင်ရောက်မှုလုံးဝမရှိကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။ ဝန်ထမ်းကလည်း ဖြစ်စဉ်အားလုံး ပြောပြပြီးဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့တွင် အခင်းဖြစ်သော အခန်းမှအပ ကျန်အခန်းများကို Check out ပြုလုပ်ခဲ့ပြီး အားလုံး၏ ခရီးဆောင်အိတ်များကို အခင်းဖြစ်သော အခန်း ၅၀၂ သို့ ပြောင်းရွှေ့ခဲ့ကြသည်။

နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် အခန်းထဲက ထမင်းကြော်အပါအဝင် အစားအသောက်များ မှာယူသဖြင့် ဝန်ထမ်းက သွားပို့သောအခါ အခန်းထဲတွင် အမေရိကန်နိုင်ငံသား အမျိုးသမီးတစ်ဦးကိုသာ တွေ့ရကြောင်း ဆိုထားသည်။

ဝန်ထမ်းက ကော်ဖီဖျော်ပေးရန် ဝန်ဆောင်မှုပေးသောအခါ အမျိုးသမီးက ကိုယ်တိုင်ဖျော်မည်ဟု ပြောဆိုခဲ့ဆိုသည်။

အမျိုးသမီးသည် အနည်းငယ် စိတ်ဖိစီးနေပြီး ဝန်ထမ်းက အမျိုးသမီး၏ ဝတ်စုံကို ချီးမွှမ်းသည်ပင် ပြုံးပြခဲ့ခြင်းမရှိကြောင်း ဆိုသည်။

ဝန်ထမ်းပြန်ထွက်လာပြီးနောက် ကျန်သူများ အခန်းထဲ အသီးသီးဝင်သွားကြပြီး ၎င်းတို့ အလောင်းများကို ပြန်တွေ့သည့်အချိန်အထိ မည်သူမျှ ယင်းအခန်းထဲ ဝင်ရောက်မှုမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရဟုဆိုသည်။

နောက်တစ်နေ့ ဇူလိုင် ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် Check out နောက်ကျနေသဖြင့် ဝန်ထမ်းက အခန်းသို့ သွားရောက်စစ်ဆေးချိန်မှသာ သေဆုံးနေသော အလောင်းများကို တွေ့ရှိခဲ့ကြသည်။

အခန်းထဲက လက်ဖက်ရည်အိုးထဲတွင် ဆိုင်ရာနိုက်အဆိပ်ကို တွေ့ရှိရပြီး ကျန် ကော်ဖီခွက် ၆ ခွက်စလုံးတွင် အဆိပ်များတွေ့ရကြောင်း မှုခင်းရဲတပ်ဖွဲ့က ဆိုထားသည်။

သေဆုံးသူများ၏ မိသားစုဝင်များကို စစ်ဆေးမေးမြန်းသောအခါ ၎င်းတို့အုပ်စုထဲ အကြွေး ပြဿနာကို သိရှိရပြီး တစ်ဦးက အမှုနှင့် သက်ဆိုင်မှုရှိကြောင်း ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။

သေဆုံးသူအုပ်စုထဲက ဇနီးမောင်နှံနှစ်ဦးမှာ ဗီယက်နမ်နိုင်ငံတွင် လမ်းဆောက်လုပ်ရေး ကန်ထရိုက်တာများဖြစ်ကြပြီး ဒေါ်လာ ၂၇၈၀၀၀ (ဘတ် ၁၀ သန်းခန့်) ကို ဂျပန်တွင် ဆေးရုံဆောက်ရန် အုပ်စုထဲက တစ်ဦးကို ရင်းနှီးထားကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ဆေးရုံဆောက်လုပ်မှု မဖြစ်မြောက်သေးသဖြင့် ဇနီးမောင်နှံနှစ်ဦးက ငွေများပြန်ပေးရန် အမေရိကန်အမျိုးသမီးဖြစ်သူကို အမြဲတောင်းဆိုနေခဲ့ကြောင်း သိရသည်။

ယင်းငွေပြဿနာကို ဂျပန်နိုင်ငံတွင် ဖြေရှင်းရန် ကနဦးစီစဉ်ထားသော်လည်း တစ်ဦးက ဗီဇာမရရှိခဲ့သဖြင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံကြရန် ဖြစ်လာခဲ့ကြောင်း ဆွေမျိုးများက ရဲတပ်ဖွဲ့သို့ ပြောကြားထားသည်။

သေဆုံးသူများထဲက ကျန်နှစ်ဦးသည် ရင်းနှီးမြုပ်နှံမှုကိစ္စနှင့် မသက်ဆိုင်ကြဘဲ ဝိုင်းဝန်းဆွေးနွေးပေးရန် ဖိတ်ခေါ်ထားခြင်းဖြစ်နိုင်ကြောင်း ဆိုထားသည်။

သေဆုံးသူများ၏ ခရီးဆောင်အိတ်များကို စစ်ဆေးသောအခါ တရားမဝင် ပစ္စည်းများ တစ်စုံတစ်ရာ မတွေ့ရသဖြင့် ၎င်းတို့သေဆုံးမှုသည် အချင်းချင်း ပြဿနာကြောင့်ဖြစ်ပြီး ပြင်ပကရာဇဝတ်မှုများနှင့် မသက်ဆိုင်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် အမေရိကန်နှင့် ဗီယက်နမ်သံရုံးများနှင့် ပူးပေါင်းလုပ်ဆောင်နေကြပြီး FBI ကလည်း အချက်အလက်များကို တောင်းခံထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

သေဆုံးသူအားလုံးသည် ပြစ်မှုမှတ်တမ်းများ မရှိကြကြောင်းနှင့် ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောကြားထားသည်။

Ref: Khaosod English