BREAKING
September 8, 2024

ထိုင်းနိုင်ငံသားထံမှ ဘတ်သုံးသန်းကျော် လိမ်လည်သည်ဟုဆိုကာ မြန်မာသုံးဦးဖမ်းဆီးခံရ

July 17, 2024

ပုံစာ - ငွေလိမ်လည်ခဲ့သည့် ဆိုသည့် မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဘန်ကောက်ရှိ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွင် ဇူလိုင် ၁၆ က ဖမ်းဆီးခဲ့စဉ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရွှေအရောင်းအဝယ်ကိစ္စနှင့်ပက်သက်၍ ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဘတ် သုံးသန်းကျော် လိမ်လည်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား သုံးဦး ဖမ်းဆီးခံထားရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

မြန်မာသုံးဦးသည် ရွှေအရောင်းအဝယ် လုပ်မည်ဆိုပြီး ထိုင်းနိုင်ငံသားတစ်ဦးထံမှ ငွေလိမ်ကာထွက်ပြေး သွားပြီးနောက် ထိုင်းသို့ ထပ်မံပြန်ဝင်လာချိန် ဘန်ကောက်မြို့ရှိ ဖရာထိုင်းနယ်မြေတွင် ဖမ်းဆီးခဲ့ကြောင်း ဇူလိုင်လ ၁၆ ရက်က ပြုလုပ်သော ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဘန်ကောက်ရှိ တရုတ်တန်းဒေသ ရာဝလတ်တွင် ဖွင့်ထားသော ရွှေဆိုင်တစ်ဆိုင်က ရွှေအမြောက်အများထည့်ထားသော မီးခံသေတ္တာကို ရောင်းချရန်ကြေညာရာ မြန်မာနိုင်ငံသားများက ရွှေများဝယ်ပြီး ပြန်ရောင်းလိုသဖြင့် ငွေကြေးထုတ်ပေးရန် ထိုင်းနိုင်ငံသားတစ်ဦးထံ ချဉ်းကပ်ခဲ့ကြောင်း ဆိုသည်။

ရွှေကို ပြန်ရောင်းပြီးလျှင် ထုတ်ပေးထားသည့် ငွေကြေးအပြင် အမြတ်ငွေများပါပေးမည်ဟု မြန်မာများက အာမခံခဲ့သဖြင့် ဘတ်သုံးသန်းကျော်ကို ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်နိုင်ငံသားကပြောဆိုကြောင်း သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးက ပြောသည်။

ရွှေဆိုင်ဘက်ကလည်း မြန်မာနိုင်ငံသားများကို ရောင်းပေးရန် သဘောတူခဲ့ပြီး လာဝယ်သောအခါ မြန်မာနိုင်ငံသားများတွင် ငွေကြေးမလုံလောက်ကြသဖြင့် အရောင်းအဝယ်မဖြစ်ကြကြောင်း သတင်းများတွင် ဖော်ပြသည်။

ရွှေအရောင်းအဝယ် ပျက်သွားပြီးနောက် ထိုင်းနိုင်ငံသားက ၎င်း၏ ငွေများကို ပြန်ပေးရန် တောင်းခံသောအခါ မြန်မာနိုင်ငံသားများက ငွေပြန်မပေးဘဲ ထိုင်းနိုင်ငံထဲက ထွက်ပြေးသွားခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသားက ဖရာထိုင်းရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီးနောက် မြန်မာနိုင်ငံသားသုံးဦးက ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသောအချိန်တွင် ရဲတပ်ဖွဲ့က ဝရမ်းထုတ်၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

မြန်မာနိုင်ငံသားများ ထိုင်းသို့ ပြန်ဝင်လာသောနေ့ရက်နှင့် ဖမ်းဆီးခဲ့သည့် နေ့ရက်တို့ကို ဖော်ပြထားခြင်းမရှိပေ။

လက်ရှိတွင် လိမ်လည်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများကို အရေးယူထားပြီး နောက်ထပ် သက်ဆိုင်သူများ ရှိမရှိ စုံစမ်းစစ်ဆေးနေကြောင်း သတင်းများတွင် ဖော်ပြသည်။

Ref: Khaosod English, Amarin TV, Siamrath