လေကြောင်းထိုးစစ်ဒဏ် ခါးစည်းခံကြရသူများ
ဒေါ်ခင်အေးအတွက်တော့ ကမ္ဘာပျက်တဲ့ ညနေခင်းပါပဲ။
သူငယ်ချင်းတွေနဲ့ ညနေခင်းတိုင်း ဘောလုံးသွားကန်လေ့ရှိတဲ့ သားထွေးလေး ဟိန်းမှာ အဲဒီနေ့က အိမ်ပြန်မလာနိုင်ခဲ့တော့ ပါဘူး။ ဘောလုံးကန်ဖို့အတွက် ဟိန်းဟာ သူငယ်ချင်းဖြစ်သူ ပိုင်နဲ့အတူ နောက်ထပ်သူငယ်ချင်းတွေကို စာသင်ကျောင်းအနီး သစ်ပင်အောက်မှာထိုင်ပြီး စောင့်နေကြတာပါ။ အဲဒီချိန်မှာ ရုတ်တရက် ဝှီး… အုန်း… ဆိုတဲ့ ပစ်ခတ်ပေါက်ကွဲသံတွေနဲ့ အလိပ်လိပ်တက်နေတဲ့ မီးခိုးလုံး၊ ဖုန်လုံးတွေ ကြားမှာ အသက်ဆုံးရှုံးခဲ့ရတာပါ။
“လေယာဉ်ပျံ လာတာကိုလည်း မမြင်ဘူး။ ပျံလာတဲ့အသံကိုလည်း မကြားလိုက်ဘူး။ ဝှီးခနဲဆိုတဲ့ အသံနဲ့ အုန်း…ဆိုတဲ့ ပေါက်ကွဲသံပဲ ကြားလိုက်တာ” လို့ ဒေါ်ခင်အေးက ဆိုပါတယ်။
ပင်လယ်ရနံ့သင်းတဲ့ သရက်ချောင်းမြို့နယ် ကနက်သီရီရွာရဲ့ မေလ ၈ ရက် ညနေခင်းဟာ ပင်လယ်ရေ လှိုင်းရိုက်ခတ်သံတွေ တိမ်မြှုပ်ပျောက်ကွယ်သွားရပါတယ်။ သွေးညီနံ့တွေ၊ အော်ဟစ်ညည်းညူသံတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ငရဲခန်းသဖွယ် အကျဉ်းတန်သွားခဲ့ပါတယ်။
“ကျွန်မဆီကို သူများဖုန်းဆက်လာတယ်။ အမသား ပါ(ထိ)သွားပြီဆို ပြောတယ်။ အမေဆိုတော့ ရင်ကွဲမတတ်ပြေးပြီး ဆေးရုံ ရောက်သွားတယ်။ ကျွန်မရောက်တဲ့အချိန်မှာ အသက်က မရှိတော့ဘူး” ဟု ဟိန်းရဲ့ မိခင် ဒေါ်ခင်အေးက ပြောပါတယ်။
ဟိန်းတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ အသက်ကို နုတ်ယူသွားတာကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုပါပဲ။ ကနက်သီရိကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ရုတ်တရက် တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် ဟိန်းနဲ့ ပိုင်တို့ ဗိုက်ပွင့်ထွက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရပြီး အသက် ၁၃နှစ်အရွယ် ကလေးသုံးဦး အပါအဝင် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ရင်ကွဲမတတ် ခံစားရတာပေါ့။ အပြစ်မရှိတဲ့ ကလေးတွေက ကြားထဲက ခံလိုက်ရတာတွေ အများကြီးရှိတာပေါ့။ ကျွန်မသားဆို ကျောင်းသားအရွယ်” လို့ ဒေါ်ခင်အေးက ဝမ်းနည်းကြေကွဲစွာ ပြောဆိုပါတယ်။
နိုင်ငံတစ်ဝန်း စစ်မျက်နှာဖွင့်ထားရပြီး မြို့တွေ ဆက်တိုက်လက်လွှတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်တွေ အားနည်းသွားတာကြောင့် လေကြောင်းနဲ့ လက်နက်ကြီး ပစ်ကူတွေကိုပဲ အဓိက အသုံးပြုနေပါတယ်။ ဒီလို တိုက်ခိုက်မှု တွေကြား အရပ်သားပြည်သူ ထိခိုက်သေဆုံးရတာတွေလည်း နိုင်ငံတဝန်းမှာ မြင့်တက်နေပါတယ်။
အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဧပြီလအထိ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၄၀၀ ကျော်ရှိပြီး လူ ၁၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ ဉာဏ်အလင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံတစ်ရပ်မှာ ဖော်ပြပါတယ်။
လေထဲက သေမင်း
သားထွေးလေးအတွက် ရက်လည်ဆွမ်းတောင် ဒေါ်ခင်အေး မသွတ်ခဲ့ရပါဘူး။ သားထွေးအတွက် သောကမီးတွေ တောက် လောင်နေချိန် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေသေးလို့ ကျန်သားသမီးသုံးဦး ဘေးကင်းဖို့ အသက်လု ထွက်ပြေး ခဲ့ကြရပါတယ်။
ဒီလိုမျိုး အသက်ဘေးအန္တရာယ်တွေ ရင်ဆိုင်နေရတာ တနင်္သာရီတိုင်းထဲမှာ ဒေါ်ခင်အေးတို့ မိသားစု တစ်စုတည်း မဟုတ်ပါဘူး။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိသားစုများစွာဟာ အသက်ဘေးနဲ့ ရင်ဆိုင်နေကြရတာပါ။
တနင်္သာရီတိုင်းမှာ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲလာပြီး မြို့ပြကို ဝိုင်းလာကြပါတယ်။ ဒီလို အခြေအနေမှာ စစ်ကောင်စီတပ်က စစ်စခန်းတွေ မကျရေး၊ နယ်မြေတွေ မဆုံးရှုံးရေးအတွက် လေကြောင်းကို အားပြုပြီး အသည်းအသန် ပြန်လည်တိုက်ခိုက်လာပါတယ်။
တိုင်းထဲမှာ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုကတော့ ရေဖြူမြို့နယ်က ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ၂၀၂၃ ခုနှစ် မေလ ၁၄ရက်နေ့မှာ တိုက်ခိုက်ခဲ့တာပါ။ ရဲကင်းစခန်း ကျလုကျဆဲမှာ ပစ်ကူပေးခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာတော့ တနင်္သာရီတိုင်းတွင် စစ်ရေးပိုမိုပြင်းထန်လာပါတယ်။ ထားဝယ်အရှေ့တောနဲ့ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစုမြို့နယ်တွေမှာ စခန်းသိမ်းတိုက်ပွဲတွေ ပိုမိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ပိုစိပ်လာပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ဖက်ပစ်မှတ်တွေထက် အရပ်သားပြည်သူတွေကို ပိုမိုထိခိုက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဟိန်းနဲ့ ပိုင်တို့လို အပြစ်မဲ့ ကလေးတွေ အသက်ပေးရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်မျိုးတွေ များစွာ ကြုံလာရတာပါ။
Dawei Watch က ပြုစုထားတဲ့စာရင်းတွေအရဆိုရင် တိုင်းထဲမှာ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃၀ရက်ကနေ ဇူလိုင်လ ၂ ရက်အထိ လေကြောင်းတိုက်ခိုက်တွေကြောင့် အရပ်သား ၁၄ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော် ရှိနေတာ တွေ့ရပါတယ်။
ဉာဏ်အလင်းသစ်သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ ၂၀၂၄ ခုနှစ်မှာ ဧပြီလအထိ လေးလတာကာလအတွင်း တိုင်းထဲမှာ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ် ၂၄ ခုရှိပြီး အကြိမ်ရေ ၄၀ နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားမှု အကြိမ်ရေများပြားခဲ့တဲ့ ဒီနှစ်ဧပြီလမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ပါတယ်။
ဧပြီလတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်လောက် လုပ်ဆောင်ခဲ့ရာမှာ ဗုံးအလုံးရေ ရာချီကြဲချခဲ့တယ်လို့ တနင်္သာရီတိုင်းအတွင်း အဖြစ်အပျက်များကို မှတ်တမ်းပြုစုပြီး လစဉ်ထုတ်ပြန်နေတဲ့ Fe5 Tanintharyi အဖွဲ့ရဲ့ ဧပြီလ အစီရင်ခံစာမှာ တွေ့ရပါတယ်။
တနင်္သာရီမြို့နယ်၊ သိန္ဒောစခန်းကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေချိန် စစ်ကောင်စီတပ်က သိန္ဒောရွာအပြင် သူဌေးရွာ၊ ဘန်းပြည့်ရွာတွေကို ဧပြီလ ၂၂ ရက်နေ့ ကနေ ဧပြီလ ၂၈ ရက်နေ့အထိ တစ်ရက်ကို ၈၁ မမ ဗုံးသီး အလုံး ၃၀ လောက်ကို ၇ ရက်ဆက်တိုက် ကြဲချခဲ့တယ်လို့ Fe5 အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ သူတို့ စခန်းတွေ တိုက်ခိုက်ခံရတာ၊ သိမ်းယူခံရတဲ့ ဖြစ်စဉ်တွေမှာ အနီးဝန်းကျင် ကျေးရွာတွေကိုပါ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
ကနက်သီရိဖြစ်စဉ်မှာဆိုရင်လည်း အလားတူတွေ့ရပါတယ်။ ကနက်သီရိရွာနဲ့ မိုင် ၃၀ ကျော်အကွာမှာရှိတဲ့ မြိတ်-ထားဝယ်ကားလမ်းပေါ်က ပဲဒက်စခန်းကို မေလ ၈ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။
အဲဒီနောက် ညနေပိုင်းမှာတော့ ကနက်သီရိရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ တကယ်တော့ ဒီတိုက်ခိုက်မှုကြောင့် ခံရတာက သာမန်အရပ်သား ကလေးငယ်တွေ ဖြစ်နေပါတယ်။ ဒီဖြစ်စဉ်မှာ ရငဲ၊ ကမြိုင်ရွာတွေလည်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။
သေကွဲ ကွဲသူကွဲ၊ ဘဝပျက်သူပျက်
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် မိသားစုတွေ သေကွဲ ကွဲကြရသလို မိသားစုဘဝတွေလည်း ပျက်စီးသွားပါတယ်။ ကနက်သီရိရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာဆိုရင်လည်း ဒီလိုမျိုး အဖြစ်ဆိုးတွေ ရှိနေပါတယ်။
ဒေါ်ခင်အေးရဲ့သား ဟိန်းဟာ ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလမှာ ၆တန်းနဲ့ ကျောင်းနားထားရသူပါ။ အခုတော့ အသက် ၁၆နှစ်ရှိနေပါပြီ။ ကျောင်းမတက်ရလို့ သူငယ်ချင်း ပိုင်နဲ့လှေလိုက်နေကြတာပါ။ လှေဝင်ရင် ညနေပိုင်း ဘောလုံး ကန်နေကျ။
အဲဒီနေ့ကလည်း ပုံမှန်နေ့တွေလိုပဲ သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ဖို့ လာကြတာပါ။ ဘောလုံးကန်ဖို့ လူစုနေချိန်မှာပဲ လေယာဉ်တွေ ရုတ်တရက်ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။ ဒေသခံတွေကတော့ လေယာဉ်ကနေ ဗုံးကြဲတာ အပြင် စက်သေနတ်တွေနဲ့လည်း ပစ်တယ်လို့ ဆိုပါတယ်။
“ဘောလုံးကန်မယ့်လူတွေကို စာသင်ကျောင်းနားက သစ်ပင်အောက်မှာ ထိုင်စောင့်နေကြတယ်။ စကားတွေ ဘာတွေပြောပြီး ထိုင်စောင့်နေကြတယ်။ (အဲဒီအချိန် လေယာဉ်ကနေ) ဝုန်းခနဲ တိုက်ရိုက်ပစ်ချလိုက်တာကိုး။ ဝုန်းခနဲ တိုက်ရိုက်ပစ်ချတော့ သူတို့လည်း ရှောင်လို့မမီတော့ဘူး” လို့ ဒေါ်ခင်အေးက ပြန်ပြောင်း ပြောပြပါတယ်။
အထက်တန်းကျောင်းမှာ ဗုံးတစ်လုံး၊ ကျောင်းဘောလုံးကွင်းမှာ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲပါတယ်။ ကျောင်းပျက်စီးသလို ဟိန်းနဲ့ ပိုင်သေဆုံးပြီး ငါးဦးဒဏ်ရာရပါတယ်။ တစ်ဆက်တည်း ဗုံးကြဲသွားလို့ ရငဲတိုက်နယ်ဆေးရုံလည်း ပျက်စီးခဲ့ပါတယ်။
ဆက်နေကျ ပိုင်ရဲ့ ဖုန်းဟာလည်း အဲဒီညနေမှာ ခေါ်မရတော့ပါဘူး။ လေယာဉ်နဲ့ ဗုံးကြဲသွားတာကြောင့် စိတ်ပူလို့ သားဖြစ်သူ ဖုန်းကို ဒေါ်ခင်အေး ဆက်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။ တကယ်တော့ သားဖြစ်သူ ပိတ်ထားတာ မဟုတ်ပါဘူး။ ဗုံးကြဲ တိုက်ခိုက်တာမှာ ဖုန်းပါ ကြေသွားလို့ ဆက်မရတော့တာပါ။ နောက်မှ သူများ ဖုန်းဆက်ပြောလို့ သားဖြစ်သူ ထိတာသိလို့ ဆေးရုံကို ပြေးတော့ အသက်မမီတော့ပါဘူး။ သားထွေးလေးကို နောက်ဆုံးအကြိမ်ပင် ဒေါ်ခင်အေး နှုတ်ဆက်ခွင့်မရလိုက်။
ကနက်သီရိရွာသူ ဒေါ်မြပွင့်ဆိုရင်လည်း သားနဲ့ တူဖြစ်သူ ပစ်ကွင်းထဲရောက်နေတာကို မျက်စိရှေ့တပ်အပ် မြင်နေရပေမယ့် သွားမကူနိုင်လို့ ရင်ထုမနာ ဖြစ်နေသူပါ။ ဒေါ်မြပွင့်ရဲ့ သားနဲ့ တူဟာလည်း ဟိန်း၊ ပိုင်တို့နဲ့ ဘောလုံး ကန်နေကျ။ လေကြောင်းတိုက်ခိုက်ခံရတဲ့နေ့ကလည်း တတူတူ ရှိနေတာပါ။
“ကလေးတွေ ပြောတာတော့ လေယာဉ်တစ်စီးပဲ လာတယ်တဲ့။ ကြဲချလိုက်တာနဲ့ သူတို့ဘာမှ မမြင်တော့ဘူးတဲ့။ အားလုံးဟာ အနီရောင် တောက်တောက်ဖြစ်သွားတယ်တဲ့” လို့ ဒေါ်မြပွင့်က ပြန်ပြောင်းပြောပြပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ချိန်မှာသူလည်း စာသင်ကျောင်းအနီးနဲ့ မလှမ်းမကမ်းမှာ အလုပ်ကိစ္စနဲ့ ရှိနေတာပါ။ ဗုံးကြဲ တိုက်ခိုက်တော့ ဘောလုံးကွင်းထဲက သားနဲ့ တူအတွက် စိတ်ပူပန်သောကရောက်ရသလို အိမ်မှာ ကျန်ခဲ့တဲ့ မိခင်နဲ့ ယောက္ခမ အဘွားအို နှစ်ဦးအတွက်လည်း စိတ်ပူနေရတာပါ။
“စာသင်ကျောင်းကို ကြဲတယ်ဆိုတာသိသိချင်း ငါ့သားပါသွားပြီတာသိတယ်။ ဘာလို့လဲဆိုတော့ သူက ကျောင်းဘောလုံးကွင်း မှာ အမြဲတန်းဘောလုံးကန်နေကျ။ သိပေမယ့် သူ့နားကိုလည်းကိုယ်သွားလို့ မရဘူး။ (ရောက်နေတဲ့နေရာမှာ) ဝပ်နေရတယ်။ အဲဒီအချိန်မှာ ကိုယ့်သားနဲ့လည်း ကိုယ်က မတွေ့ရဘူး။ အိမ်ကိုလည်း ပြန်မရနဲ့ ယူကျုံးမရဖြစ်နေတာပေါ့” လို့ ဆိုပါတယ်။
ကံကောင်းထောက်မစွာနဲ့ ဒေါ်မြပွင့်ရဲ့ သားမှာ ဒဏ်ရာအနည်းငယ်သာရခဲ့ပြီး တူဖြစ်သူတော့ ဒဏ်ရာပြင်းလို့ ခွဲစိတ်ကုသတာတွေ လုပ်ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် နှစ်ရက်အကြာ မေလ ၁၀ ရက်မှာလည်း ကနက်သီရိရွာဟာ တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကို ထပ်မံခံရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာလည်း ရေလုပ်ငန်းလုပ်တဲ့ အသက် ၄၅နှစ်အရွယ် လူလတ်ပိုင်း ရွာသားအမျိုးသားသုံးဦး သေဆုံးခဲ့ပါတယ်။
အဲဒီလို သေဆုံးရာမှာ ဒေါ်ဇင်မာသန်းရဲ့ ခင်ပွန်း ဦးအောင်မျိုး (ခေါ်) ဦးနောင်ဂေါလည်း ပါဝင်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ သေဆုံးတာကို မျက်မြင်တွေ့ခဲ့ရတဲ့ သူမအဖို့ သွေးပျက်ဖွယ်ရာ အခြေအနေပါပဲ။ အဲဒီနေ့က ခင်ပွန်းသည်ကို သွားကြိုဖို့ ၂နှစ်အရွယ် သမီးထွေးလေးနဲ့ လှေဆိပ်ကို သွားတာမှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတာပါ။
“ကျွန်မတို့သားအမိလည်း အိမ်တစ်အိမ်အောက်ကို ပြေးပြီး ဝင်ဝပ်နေရတယ်။ ကိုယ့်မှာ ကလေးကလည်း ပါတယ်။ ပစ်ခတ်တာ ကလည်း မစဲဘူးဆိုတော့ ထွက်မရဘူး။ (ခင်ပွန်းသည်) သူမှောက်ခုံဝပ်ပြီး လဲနေတာလည်းမြင်နေရတယ်။ အဲဒီတုန်းက သူ့ကိုလည်း မကြည့်ရက်ဘူး။ ကိုယ့်မှာလည်း ကလေးနဲ့ဆိုတော့ အိမ်ကိုပဲပြန်လာလိုက်တယ်” လို့ သွေးပျက်ဖွယ်ရာ မြင်ကွင်းကို ဒေါ်ဇင်မာသန်းက ရင်နာနာနဲ့ ပြန်ပြောပြပါတယ်။
ဦးနောင်ဂေါဟာ လှေမှာ ပဲ့နင်းဖြစ်ပြီး တစ်လကို ကျပ်သိန်း ၁၀ကျော် ဝင်ငွေရှိသူပါ။ အိမ်အတွက် ဝင်ငွေရှာနေတဲ့ အိမ်ထောင်ဦးစီးကို ဆုံးရှုံးလိုက်ရလို့ ဒေါ်ဇင်မာသန်း ကမ္ဘာဟာလည်း ပြိုပျက်ခဲ့ရပါပြီ။ အားကိုးရာ မဲ့ခဲ့ရပါပြီ။ ဒေါ်ဇင်မာသန်းမှာ သမီးခြောက်ဦးရှိပြီး အကြီးဆုံးကတော့ ၂၅နှစ်၊ အငယ်ဆုံးကတော့ ၂နှစ်ပဲ ရှိပါသေးတယ်။
“ကိုယ့်လင်သားတစ်ယောက် အခုလိုဖြစ်သွားတာ စိတ်ထဲမှာ ယူကျုံးမရဘူး။ ကိုယ့်မှာလည်း မှီခိုရာ တကယ်ကိုမဲ့သွားတယ်။ ဘာတစ်ခုမှ အဆင်မပြေတော့ဘူး။ နေ့ရှိသမျှလည်း ခံစားနေရတယ်” လို့ ဒေါ်ဇင်မာသန်းက ဆိုပါတယ်။
“မလုပ်သင့်ဘူး။ ကိုယ်တွေမှာ ဘာမှားယွင်းမှုမှလည်း မရှိဘူး။ ဘာအပြစ်မှလည်း မရှိဘူးဆိုတော့ မကျေနပ်ဘူး။ အိမ်ထောင် ဦးစီးတစ်ယောက် ဆုံးရှုံးတယ်ဆိုတာ ကိုယ့်မှာအားလုံး ဆုံးရှုံးသွားရတယ်” လို့လည်း သူက မချိတင်ကဲ ပြောဆိုပါတယ်။
သေဆုံးသူတွေကို နေ့တွင်းချင်း သင်္ဂြိုဟ်ခဲ့ရပေမယ့် လေယာဉ်လာဝဲနေလို့ မိသားစုဝင်တွေကတော့ ရက်လည်ဆွမ်းပင် သွတ်ခွင့်မရဘဲ တခြားဒေသခံတွေနည်းတူ အိုးအိမ်စွန့်ခွာပြီး စစ်ကောင်စီလေကြောင်းရန်ကနေလွတ်ရာကို ပြေးကြရပါတယ်။
လေယာဉ်ဆိုတဲ့စကားလုံးကို ကြားတာနဲ့ကြောက်တယ်
လေယာဉ်နဲ့ဗုံးကြဲ၊ စက်သေနတ်တွေနဲ့ပစ်တာကြောင့် ထိခိုက်သေဆုံးတဲ့အနိဋ္ဌာရုံမြင်ကွင်းတွေကို တပ်အပ်မြင်တွေ့လာရတဲ့ အခါ လေယာဉ်ဆိုတဲ့စကားလုံးကို ကြားတာနဲ့ကြောက်လာကြတဲ့အထိ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုကို ခံစားနေကြရပါတယ်။
“လေယာဉ်က သူကြဲချင်တဲ့နေရာ ကြဲတာဆိုတော့ တအားကြောက်တာပေါ့။ အခုနောက်ပိုင်း ကလေးတွေဆို ခရီးသည် လေယာဉ်သံကြားရင်တောင် အိမ်ထဲဝင်ပြေးကြတယ်။ သူတို့လည်း ကြောက်တာပေါ့” လို့ မနန်းမြတ်က ပြောပါတယ်။ မနန်းမြတ်ဟာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကို မကြာခဏ ခံရတဲ့ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ အုပ်စုက ဒေသခံဖြစ်ပါတယ်။
တိုက်လေယာဉ်အသံမှာ ခြောက်ခြားဖွယ်ရာအတိဖြင့် ထိတ်လန့်ဖွယ်ကောင်းလှတယ်လို့လည်း သူက ဆိုပါတယ်။ အသက် ၂၈နှစ်အရွယ် မနန်းမြတ်မှာ ကလေးတစ်ဦး ရှိပါတယ်။ သူတို့ကျေးရွာအနားမှာ တိုက်ပွဲဖြစ်ပြီးနောက် လေယာဉ်သံကြား တာကြောင့် ကလေးကိုချီပြီး တခြားရွာသားတွေနဲ့အတူ အသက်လုထွက်ပြေးလာခဲ့ရသူပါ။
တောထဲတောင်ထဲ လျှိုမြောင်၊ ချိုင့်ဝှမ်းတွေ၊ သစ်ပင်ကြီးတွေ အကာအကွယ်ကောင်းတွေရှိတဲ့ နေရာဆီကို မိုးထဲလေထဲမှာ ခက်ခဲကြမ်းတမ်းစွာ ပြေးပုန်းခဲ့ရတာပါ။
“သစ်ပင်ကြီးတွေရှိရင်လည်း သစ်ပင်ကြီးတွေကို အကာကွယ်ယူပြီး ကလေးတွေကို ပင်ရင်းအထဲဘက် ကပ်ထားတယ်။ အမေတွေက အပြင်ကနေ ကာပြီးနေကြတယ်။ လေယာဉ်လာလို့ ပြေးနေရချိန်ဆို ကလေးတွေလည်း တအားငိုကြတယ်။ သူတို့လည်း ကြောက်ကြတယ်” လို့ မနန်းမြတ်က ပြောပါတယ်။
တိုင်းထဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာချိန် ဗုံးခိုကျင်းတွေ တူးကြပါတယ်။ ဒါပေမဲ့ ဗုံးခိုကျင်းတွေကလည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို အပြည့်အဝ မပေးနိုင်ပေ။
“သူများပြေးရင် ကိုယ်လိုက်ပြေးမှရမှာပေါ့။ ကိုယ့်မိသားစု တစ်စုတည်း ဗုံးခိုကျင်းထဲ ပုန်းနေလည်း ခေါင်းပေါ်မှာ လေယာဉ် လာဝဲ ဗုံးကြဲနေတာ မြင်နေတာ ဘယ်လိုလုပ်နေလို့ရမလဲ။ အသံကြားနေတာနဲ့တင်ကို အဆင်မပြေဘူး” ဟု ထားဝယ်အရှေ့တော ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒါကြောင့် လေယာဉ်ဗုံးကြဲသည့်နေရာနဲ့ ဝေးနိုင်သမျှ အဝေးဆုံးကို ထွက်ပြေးကြတာလို့ သူက ပြောပါတယ်။
ဒါ့အပြင် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှာ စိုးရိမ်လို့ ဒေသခံပြည်သူတွေဟာ လူစုလူဝေးတောင် မလုပ်ရဲကြတောတဲ့အထိ ထိတ်လန့်နေကြရပါတယ်။ ကနက်သီရိ ရွာဖြစ်စဉ်မှာ ကလေးတွေ ဘောလုံးကန်ဖို့ လူစုနေချိန် ပစ်ခတ်ခံရတာကြောင့် လူစုလူဝေး မလုပ်ရဲတာလို့ လောင်းလုံးမြို့နဲ့ ကပ်လျက် ရွာတစ်ရွာတွင် နေထိုင်တဲ့ ကိုစလုံးက ဆိုပါတယ်။
“လေကြောင်းကို ဘယ်လောက်အထိကြောက်နေလဲဆို ဥပမာ ရွာထဲမှာ လူနည်းနည်း စုစုဝေးဝေးတောင် မလုပ်ရဲဘူး။ လူစုလူဝေးဖြစ်နေရင် သရက်ချောင်းမှာ ဖြစ်သွားသလို ဖြစ်မှာ အရမ်းကြောက်နေကြတယ်” လို့ သူက ပြောပါတယ်။
မေလ ၉ရက်ကဆိုရင် လောင်းလုံးမြို့ပေါ်က စစ်ကောင်စီတပ်စခန်းနှစ်ခု တပြိုင်နက်တိုက်ခိုက်ခံရပြီးနောက်မှာ တိုက်လေယာဉ် နှစ်စင်းနဲ့ အဲဒီအနီးတဝိုက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ကိုစလုံးတို့ရွာဟာလည်း လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့ ရွာနဲ့ မိုင်အနည်းငယ်ပဲ ဝေးပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေလှုပ်ရှားသွားလာနေတာကြောင့် ကိုစလုံးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာတွေမှာ အချိန်မရွေး တိုက်ပွဲတွေဖြစ်လာနိုင်ပြီး အချိန်မရွေး လေကြောင်းတိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေပါ။ ဒါ့ကြောင့် တိုက်ပွဲနဲ့ လေကြောင်းရန် ကို ကြောက်လို့ ဒေသခံတွေဟာ မြို့ပေါ်နဲ့ အခြားကျေးရွာတွေကို ပြောင်းရွှေ့သွားကြပြီး ကျန်ခဲ့တဲ့ ဒေသခံတွေဟာလည်း စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေနေရတယ်လို့ ဆိုပါတယ်။
ကိုစလုံး ဇနီးသည်ဟာလည်း လေယာဉ်သံကြားရင် ညအိပ်မပျော်တော့ပါဘူး။ ခရီးတင်လေယာဉ်လား၊ စစ်လေယာဉ်လား ထထ ကြည့်ခိုင်းလေ့ရှိတယ်လို့ ကိုစလုံးက ပြောပါတယ်။
“သူက သားကိုစိတ်ပူတာ၊ လေယာဉ်နဲ့သာ ဗုံးကြဲသွားရင် သူများနေရာတွေမှာလို ကလေးတွေ သေဆုံးဒဏ်ရာရတာတွေကို ကြားနေရတော့ သူ့သားကိုစိတ်ပူတယ်။ လေယာဉ်သံကြားရင် သူမရဘူး၊ ဆိုက်ကိုဝင်သလိုဖြစ်နေတယ်” လို့ ကိုစလုံးက ဆိုပါတယ်။
ဖျက်အားပြင်းဗုံးတွေ သုံးတယ်
စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲက လေကြောင်းတိုက်ခိုက်မှုတွေမှာ K8W အမျိုးအစားတိုက်လေယာဉ်နဲ့ Mi-2 ရဟတ်ယာဉ်တွေကို အဓိက သုံးတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ပေါင် ၃၀၀၊ ပေါင် ၅၀၀ စတဲ့ ဖျက်အားပြင်းဗုံးတွေနဲ့ တိုက်ခိုက်တယ်လို့လည်း ဆိုပါတယ်။ အဲဒီလို ဖျက်အားပြင်း ဗုံးတွေဟာ နေအိမ်အဆောက်အအုံတွေအပေါ် ကျရောက်ပေါက်ကွဲရင် အကုန်လုံးပြိုကျပျက်စီးသွားတာ တွေ့ရပြီး အဲဒီအဆောက်အအုံ ထဲမှာ လူရှိနေရင် အသက်ရှင်ဖို့ အင်မတန်နည်းတယ်လို့ ထားဝယ်ခရိုင်မှာ လှုပ်ရှားနေတဲ့ ဖက်ဒရယ်စစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူး ကိုမင်းထက်က ပြောပါတယ်။
“ဒါကတော့ ပြည်သူလူထုအပေါ်လူမဆန်တဲ့ စစ်ရာဇဝတ်တွေပေါ့” လို့ သူက မှတ်ချက်ပေးပါတယ်။
စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူများနေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်းနဲ့ ဘာသာရေး အဆောက်အအုံတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့ KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း ပြောဆိုပါတယ်။
“ပြည်သူလူထုကို ပစ်မှတ်ထားတဲ့အတွက်ကြောင့် စစ်ရာဇဝတ်မှုကိုကျူးလွန်တာဖြစ်တယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့က လက်ခံလို့မရဘူး၊ နိုင်ငံတကာကလည်း ဒီလုပ်ရပ်ကို လက်ခံလို့ရမဘူး” လို့ သူက ပြောပါတယ်။
ကျေးရွာတွေကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကတော့ ဆက်တိုက်ရှိနေဆဲပါပဲ။ ဇူလိုင်လ ၂ ရက်နေ့ကတောင် တနင်္သာရီမြို့နယ် သာရဖုံ (အနောက်) ရွာနဲ့ ကျွန်းစုမြို့နယ်က ဝါရစ်ရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကိုးတန်းကျောင်းသားတစ်ဦးနဲ့ အမျိုးသမီး နှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ ဇူလိုင်လ ၁၃ ရက်ကလည်း တိုက်ပွဲမဖြစ်ဘဲ တနင်္သာရီမြို့နယ်ထဲက ပဝကျေးရွာအုပ်စုကို လေယာဉ်နှစ်စင်းနဲ့ ဗုံး ၁၂လုံး ကြဲချခံပါတယ်။
တိုင်းထဲမှာ တော်လှန်ရေးတွေ အားကောင်းလာတာကြောင့် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုမိုများလာနိုင်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံအရပ်သားပြည်သူတွေဟာလည်း လေကြောင်းတိုက်ခိုက်မယ့် အန္တရာယ်ကို စိုးရိမ်ကြောက်လန့်နေကြရပါတယ်။
ဒေါ်ခင်အေးကတော့ ကျောင်းစိမ်းဝတ်စုံ ဝတ်ထားတာကို မြင်တိုင်း သားဖြစ်သူကို အောက်မေ့တယ်လို့ ငိုရင်းပြောပါတယ်။
“အများကြီး အောက်မေ့တာပေါ့။ သူများကလေးတွေကို ကျောင်းစိမ်းနဲ့ မြင်ရင် ပိုဆိုးတာပေါ့။ သူက အငယ်ဆုံးပါ။ အမေရင်ခွင်ထဲမှာ နေတဲ့သားလေးဆိုတော့ ပိုပြီးဆိုးတာပေါ့” လို့ ဒေါ်ခင်အေးက ဆိုပါတယ်။
အပြစ်မရှိတဲ့ကလေးတွေ သူရဲ့ သားထွေးဖြစ်သူ ဟိန်းလိုမျိုး အဖြစ်ဆိုးမျိုး မကြုံပါစေနဲ့လို့လည်း ဒေါ်ခင်အေးက ဆုတောင်းစကား ဆိုပါတယ်။
“လေယာဉ်လာပြီဆို ကိုယ့်သားသမီးလိုမျိုး မဖြစ်ပါစေနဲ့ဆိုပြီး အမြဲတမ်းဆုတောင်းပေးနေရတယ်”
(မှတ်ချက်။ ယခုဆောင်းပါးမှာ ပါဝင်တဲ့ ဒေသခံတွေရဲ့ နာမည်တွေကို ကာယကံရှင်တွေရဲ့ဆန္ဒအရ နာမည်လွှဲတွေ အသုံးပြုထားပါတယ်။)