BREAKING
January 17, 2025

ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်းသေဆုံးမှု FBI ကိုခေါ်ယူထားဟုဆို

July 17, 2024

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့၏ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ငံခြားသား ၆ ဦး တစ်ပြိုင်တည်း သေဆုံးမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်အပါအဝင် ရဲတပ်ဖွဲ့များက အမှုကို ဖြေရှင်းနိုင်ရန် အပူတပြင်း ကြိုးစားနေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့လယ်ရှိ နာမည်ကြီး လူဖီနီနေရာအနီး၏ ဟိုတယ်တစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၆) ညပိုင်းက သေဆုံးနေသော အမေရိကန်နှင့် ဗီယက်နမ်နိုင်ငံသား ၆ ဦး၏ အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသားများသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရန် နာမည်ကျော် အမေရိကန် ထောက်လှမ်းရေးအဖွဲ့ တစ်ခုဖြစ်သော FBI (Federal Bureau of Investigation) ကိုလည်း ခေါ်ယူထားပြီး ဗီယက်နမ်နိုင်ငံသားများ သေဆုံးမှုအတွက် ဝန်ကြီးချုပ် ဆေ့ထာထဝီဆင်က ဗီယက်နမ်သံအမတ်နှင့် ညတွင်းချင်း ဆွေးနွေးခဲ့ကြကြောင်း ဖော်ပြထားသည်။

ထို့နောက် ဝန်ကြီးချုပ်က သက်ဆိုင်ရာ အာဏာပိုင်များနှင့် အစည်းအဝေးလုပ်ခဲ့ပြီး အမှုကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း ဆိုထားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းက သေဆုံးနေသော နိုင်ငံခြားသား ၆ ဦး၏ အလောင်းကို ဟိုတယ်ဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူများတွင် ဗီယက်နမ် နိုင်ငံသား ၄ ဦးနှင့် အမေရိကန်-ဗီယက်နမ် နိုင်ငံသား ၂ ယောက်ပါဝင်ပြီး သေဆုံးခဲ့ပြီး နောက်တစ်ရက်ဖြစ်သော ၂၄ နာရီခန့် အကြာမှသာ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၂ နာရီတွင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

အခန်းထဲ စစ်ဆေးကြည့်သောအခါ အကြမ်းဖက်မှု အထောက်အထားများ မတွေ့ခဲ့ရသဖြင့် အဆိပ်မိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့တွင် အတည်ပြုထားသည်။

အခန်းထဲ မှာယူထားသော အစားအသောက်များကလည်း မစားသုံးရသေးပဲ ကော်ဖီနှင့် လက်ဖက်ရည်ကိုသာ သောက်သုံးခဲ့ကြသေးကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသည်။

ကော်ဖီနှင့် လက်ဖက်ရည်များတွင် အဆိပ်ပါနေကြောင်း ယနေ့ (ဇူလိုင် ၁၇) တွင် အတည်ပြုထားသည်။

လက်ရှိတွင် သေကြောင်းကြံစည်သလား အသတ်ခံရသလားကိုမူ ကွဲကွဲပြားပြား မသိရှိရသေးသဖြင့် အတည်မပြုကြသေးရန် ထိုင်းအစိုးရက တိုက်တွန်းထားသည်။

သေဆုံးသူများသည် ဟိုတယ်မှ ဇူလိုင်လ ၁၅ ရက်နေ့တွင် Check out ပြုလုပ်ရမည်ဖြစ်ပြီး အလောင်းများကို ဇူလိုင်လ ၁၆ ရက်နေ့တွင် တွေ့ရခြင်းဖြစ်သည်။

သေဆုံးသူများတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၃ ဦးပါဝင်ပြီး ဗီယက်နမ်နိုင်ငံက နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ဦးလည်း ပါဝင်ခဲ့သည်။

ဟိုတယ်တွင် လူ ၇ ဦးအတွက် ဟိုတယ် အခန်း ၅ ခန်းယူထားခဲ့သော်လည်း အမှန်တကယ် လာတည်းသူများမှာ ၅ ဦးသာ ရှိခဲ့ကြောင်း သိရသည်။

သို့သော်လည်း သေဆုံးနေသည်မှာ ၆ ဦးဖြစ်နေသဖြင့် ဟိုတယ်တွင် လာမတည်းပဲ သေဆုံးနေသော တစ်ဦးအတွက် အဖြေရှာနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ထို့ကြောင့် ၇ ဦးမြောက်တစ်ဦး ထိုင်းနိုင်ငံအတွင် ပြည်ဝင်မှုရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး အစားအသောက်ကိုလည်း စစ်ဆေးနေကာ အလောင်းများကို ချူလာလောင်ကွန်းဆေးရုံသို့ ပို့ဆောင်စစ်ဆေးနေဆဲဖြစ်သည်။

Ref: Thai Enquirer, Bangkok Post, Khoasod English