BREAKING
October 18, 2024

ရန်ကုန်-ထားဝယ် ကားလမ်းတွင် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ၊ ကားများပိတ်မိ

July 17, 2024

ပုံစာ - ပျက်စီးနေသည့် ကရင်လေးဆိပ်တံတား။ ဓာတ်ပုံ - Thuya

ရန်ကုန် – ထားဝယ်ကားလမ်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ ကရင်လေးဆိပ်တံတား ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီ ဝန်းကျင်တွင်မိုင်းခွဲခံရပြီး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်လေးဆိပ်ကျေးရွာအနီးရှိ အရှည် ၁၀ ပေခန့်၊ အကျယ် ၅၄ ပေခန့်ရှိသည့် ကရင်လေးဆိပ်တံတား မိုင်းခွဲခံရခြင်း ဖြစ်ပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့က ဆိုသည်။

“ညပိုင်းပေါက်ကွဲသံကြားပြီး မနက်မှ တံတားကျိုးနေတာသိရတာပါ” ဟု ဒေသ လူမှုကူညီကယ်ဆယ်ရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တံတားပြိုကျသွားသဖြင့် ကားများဖြတ်သန်းသွားလာ၍ မရတော့ကြောင်း ခရီးသွားနှင့် ဒေသခံတို့ထံမှ သိရသည်။

“တံတားက တံတားအသေးတစ်စင်းပဲဆိုပေမယ့် ပြိုကျသွားတော့ ကားတွေ သွားလာလို့မရတော့ဘူး။ ကားအသေးတွေ ကတော့ ရွာဘက်က သွားဖို့ လုပ်နေပေမယ့် ဟိုဘက် ဒီဘက် ကားတွေ ရာနဲ့ချီ ပိတ်မိနေတယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ယခုပျက်စီးသွားသည့် ကွန်ကရစ်တံတားသည် သထုံမြို့နယ် ကျိုက်ကော်ရွာနှင့် ဘီးလင်းမြို့အကြားတွင်ရှိပြီး နှစ်ကြိမ် မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနှင့်လည်းနီးကြောင်း လမ်းတွင်ပိတ်မိနေသည့် ခရီးသွားများက ဆိုသည်။

ကျုံအိတ်တံတားဖျက်ဆီးခံရစဉ်က သွားခဲ့သည့် ပတ်လမ်းအတိုင်း ယနေ့ ဇူလိုင်လ ၁၇ရက် နံနက်အစောပိုင်းတွင် သွားလာ၍ ရခဲ့သေးကြောင်း ကားမောင်းသူတစ်ဦးက ပြောသည်။

“ကားအကြီးတွေက ပိတ်မိနေတယ်။ ကားအသေးလေးတွေက အရင်ပတ်လမ်း ရွှေရောင်ပြရွာပတ်လမ်းက သွားနေပါတယ်။ အခု မနက်အထိတော့ ကားနည်းနေသေးလို့ မပိတ်မိသေးဘူး” ဟု ရွှေရောင်ပြပတ်လမ်းမှ ဖြတ်လာခဲ့သည့် ကားသမားတစ်ဦးက ယနေ့ နံနက် ၈ နာရီဝန်းကျင်တွင် ပြောသည်။

လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကရင်လေးဆိပ်တံတားကို စစ်ကောင်စီလက်အောက်ခံ လမ်းဦးစီးဌာနက အမြန်ဆုံးပြုပြင်နိုင်ရန် စီစဉ်နေသည်ဟု အဆိုပါဌာနထံမှ သိရသည်။

ကရင်လေးဆိပ်တံတားကို မည်သည့်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သည်ကို မသိရသေးပေ။

ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း မွန်၊ ကရင်၊ တနင်္သာရီနှင့် ရန်ကုန်ဘက်သို့ ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မစောတံတား မိုင်းခွဲဖျက်စီးခံခဲ့ရသေးသည်။

အလားတူ မေလ ၁၁ ရက်ကလည်း သထုံနှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သေးသည်။

ယင်းသို့မိုင်းခွဲခံရပြီးနောက် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ကာ ထားဝယ်တွင် ကုန်ပစ္စည်းများ ပြတ်တောက်ခြင်း၊ ဈေးမြင့်တက်ခြင်း စသည်တို့ကြောင့် ဒေသခံတို့ အခက်အခဲကြုံတွေ့ခဲ့သည်။