မလေးရှားနိုင်ငံတွင် မြန်မာဒုက္ခသည်များနှင့် အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသော မသူဇာမောင်နှင့် မိသားစုဝင်များကို အမည်မသိ လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(Human Rights Watch) အဖွဲ့က ယနေ့ (ဇူလိုင် ၁၇) တွင် ထုတ်ပြန်ခဲ့သည်။
မသူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ဦးစားပေး စုံစမ်းစစ်ဆေးဆောင်ရွက်ပေးဖို့ မလေးရှားအစိုးရကိုလည်း ယင်းအဖွဲ့က တောင်းဆိုထားသည်။
မြန်မာအလုပ်သမားများအရေး၊ ဒုက္ခသည်များအရေး ကူညီဆောင်ရွက်ပေးနေသူ မသူဇာမောင်နှင့် အမျိုးသားဖြစ်သူ စောသန်းတင်ဝင်း၊ သားသမီး ၃ ဦးကို ဇူလိုင်လ ၄ ရက်နေ့တွင် ကွာလာလမ်ပူမြို့ရှိ ၎င်းတို့နေအိမ်တွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ကားတစ်စီး မသူဇာမောင်တို့ နေထိုင်ရာ အိမ်ရာဝင်အတွင်းသို့ ဝင်လာခဲ့ကြောင်း၊ ယာဉ်ပေါ်ပါသူများက ရဲများဟု လုံခြုံရေးဝန်ထမ်းကို ပြောဆိုကာ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
နှစ်နာရီခန့်အကြာတွင် မသူဇာမောင်က သူငယ်ချင်းဖြစ်သူကို လူတစ်စု နေအိမ်ထဲ ဝင်လာသည်ဟု ဖုန်းဆက်ပြောပြီးနောက် အဆက်သွယ်ပြတ်တောက်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ည ၇ နာရီ ၁၀ မိနစ် အချိန်ခန့်တွင် ယင်းကားနှင့် မသူဇာမောင်၏ကားများ အိမ်ဝင်းအတွင်းမှ ပြန်လည်ထွက်သွားခဲ့ကြောင်း လုံခြုံရေးကဆိုသည်။
နောက်ပိုင်းတွင် မသူဇာမောင်နှင့် မိသားစုဝင်များ၏ ဖုန်းများ စက်ပိတ်သွားခဲ့ပြီး ယင်းအချိန်ကတည်းက အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းနေ့တွင် ရဲဟု ပြောပြီး ဝင်လာသောကား၏ နံပါတ်သည် နံပါတ်ပြားအတုဟု မလေးရှားရဲတပ်ဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။
မသူဇာမောင်၏ နေအိမ်အတွင်းတွင်လည်း လုယက်ထားခံရခြင်း မရှိခဲ့ကြောင်း ဇူလိုင်လ ၅ ရက်နေ့က ဝင်ရောက်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။

မသူဇာမောင်နှင့် မိသားစုဝင်များကို အစီအစဉ်ကျကျ ဖမ်းဆီးသွားခဲ့ခြင်းသည် သူမအတွက် အန္တရာယ်ရှိနေပြီး မလေးရှားအစိုးရအနေဖြင့် ၎င်းတို့၏ နေရာများကို ဖော်ထုတ်ရန်နှင့် လုံခြုံရေးကို အာမခံပေးရန် အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း Human Rights Watch အဖွဲ့၏ အာရှဒါရိုက်တာ Elaine Pearson က ပြောဆိုသည်။
မြန်မာနိုင်ငံသားများသည် ၎င်းတို့ ဒုက္ခသည်အဖြစ် ခံယူထားသော နိုင်ငံတွင်ပင် မြန်မာစစ်တပ်ကို ဝေဖန်ပါက အန္တရာယ်ရှိနေကြောင်း ၎င်းက ထောက်ပြထားသည်။
မသူဇာမောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကိုလည်း လုပ်ဆောင်နေသူဖြစ်ပြီး မြန်မာဒုက္ခသည်များနှင့် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
မသူဇာမောင်သည် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ပြေးခိုလှုံခဲ့ပြီး မိသားစု ငါးဦးစလုံးသည် မလေးရှားနိုင်ငံတွင် ဒုက္ခသည်များအဖြစ် ကုလသမဂ္ဂရုံးက အသိအမှတ်ပြု ခံထားရသူများဖြစ်သည်။