ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကလေးထိန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အပြင်ဘက် ဝရန်တာ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
ဘန်ကောက်မြို့ ဘင်ကူနယ်မြေ ခလောကူဒေသရှိ ကလေးထိန်းကျောင်း ၂ ထပ် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ်နေချိန် ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြင်ဘက် ဝရန်တာဘောင် ပြိုကျခဲ့ခြင်းဖြစ်သည်။
အဆောက်အအုံ အနောက်ဘက် တစ်ထပ်နှင့် နှစ်ထပ်အကြားတွင်ရှိသော ဝရန်တာဘောင်မှာ အမြင့် ၅ မီတာမှ မြန်မာအလုပ်သမားနှစ်ဦးပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။
ပြုတ်ကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး သွေးထွက်လွန်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်အသက်ကယ်နည်းများသုံး၍ အသက်ကယ်ခဲ့သော်လည်း သတိပြန်လည်မလာတော့ပဲ အခင်းဖြစ်သောနေရာတွင်ပင် သေဆုံးသွားခဲ့သည်။
သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ် ကိုကုလားအမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် ရောက်လာသည်မှာ ၁၀ ရက်သာရှိသေးသဖြင့် အလုပ်သမားစာချုပ် ချုပ်ဆိုနေသောအချိန်သာ ရှိသေးကြောင်း ဖော်ပြထားသည်။

နောက်ထပ် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော အသက် ၂၆ အရွယ် မြန်မာအလုပ်သမားတစ်ဦးကို နဖွန်ရတ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထားသည်။
သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့် ဆက်သွယ်၍ ဥပဒေအရ လျော်ကြေးရရှိနိုင်ရေး စီမံဆောင်ရွက်ပေးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးကိုယ်တိုင် ညွှန်ကြားထားကြောင်း သတင်းတွင် ဖော်ပြထားသည်။
ထိုင်းအာဏာပိုင်များက ဆောက်လုပ်ရေးလုပ်ငန်းသည် ခွင့်ပြုချက် ယူထားခြင်းရှိမရှိ ဆောက်လုပ်ရေးစံချိန်အတိုင်း ဆောက်လုပ်နေခြင်းရှိမရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ကန်ထရိုက်တာနှင့် ပါဝင်သူများကို အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: Khaosod English, PPTV HD 36, Matichon Online