BREAKING
April 24, 2025

မြိတ်ရေကန်ဘောင်ကန်ထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

July 17, 2023

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင်ကန်ထဲတွင် ဇူလိုင်လ ၁၆ ရက် ညနေ ၄နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။

အဆိုပါ ရေကန်ဘောင်ကန်ထဲတွင် သူငယ်ချင်းဖြစ်သူ အမျိုးသားနှစ်ဦးတို့ ရေဆင်းကူးရာမှ တစ်ဦးမှာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ကန်ကြီးရပ်ကွက်နေသူအချို့က ဆိုသည်။

“မိုးကောင်းနေတုန်း ရေဆင်းကူးကြရင်း ရေနစ်သွားတာ” ဟု ကန်ကြီးရပ်နေသူတစ်ဦးက ပြောဆိုသည်။

မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်သေဆုံးခဲ့သည်ကို အသေအချာ မသိရှိရသေးပေ။

ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်ခဲ့ကို ဖုန်းလက်ခံရရှိသဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း နာရေကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“ဘယ်လိုရေနစ်သွားမှန်းတော့ မသိရဘူး။ ရေထဲဆင်းဆယ်ပြီးတော့ ဆေးရုံကို ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စစ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးသည့် အသက် ၄၀ နှစ်ရှိ အမျိုးသားသည် ကန်ကြီးရပ်နေသူတစ်ဦးဖြစ်ကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

အဆိုပါ ရေကန်ဘောင်ကန်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရေနစ်သေဆုံးသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သည်။